မာယော့ကာအား ငါးဂိုး နှစ်ဂိုးဖြင့် ဘာစီလိုနာဂိုးပြတ်နိုင်လာလီဂါဟက်ထရစ်အများဆုံး စီရိုနယ်ဒို၏စံချိန် မက်ဆီချိုးဖျက်

မာယော့ကာအား ငါးဂိုး နှစ်ဂိုးဖြင့် ဘာစီလိုနာဂိုးပြတ်နိုင်လာလီဂါဟက်ထရစ်အများဆုံး စီရိုနယ်ဒို၏စံချိန် မက်ဆီချိုးဖျက်

ဘာစီလိုနာသည် ဒီဇင်ဘာ ၇ ရက်က အိမ်ကွင်းတွင် မာယော့ကာနှင့်ယှဉ်ပြိုင်ခဲ့ရာ အဓိကတိုက်စစ်မှူးမက်ဆီ၏ဟက်ထရစ်အပါအဝင် ဂရစ်ဇ်မန်း၊ ဆွာရက်ဇ်တို့၏ သွင်းဂိုးများကြောင့် ငါးဂိုး နှစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ ကြောင်း သိရသည်။ 

 ဘာစီလိုနာတိုက်စစ်ကို ဦးဆောင်လာခဲ့သော မက် ဆီ၊ ဂရစ်ဇ်မန်းနှင့် ဆွာရက်ဇ်တို့ သုံးဦးစလုံး ခြေစွမ်းပြကာဂိုးများသွင်း ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဂရစ်ဇ်မန်းသည် ပွဲချိန် ခုနစ်မိနစ်၌ ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဂရစ်ဇ်မန်းသည် ပွဲချိန် ၁၇ မိနစ်တွင် မက်ဆီ ဂိုးသွင်းနိုင်ရန် ဖန်တီးခဲ့သည်။

မာယော့ကာသည် ပွဲချိန် ၃၅ မိနစ်တွင် ချေပဂိုးတစ်ဂိုး ပြန်ရခဲ့သော်လည်း မက်ဆီက ပွဲချိန် ၄၁ မိနစ်တွင် တတိယဂိုးသွင်းယူခဲ့သည်။ 

ဆွာရက်ဇ်မှာ ပွဲချိန် ၄၃ မိနစ်၌ စတုတ္ထဂိုးသွင်း ယူခဲ့၍ ပထမပိုင်းအပြီး ဂိုးပြတ်ဦးဆောင်နိုင်ခဲ့သည်။ မာယော့ကာသည် ပွဲချိန် ၆၄ မိနစ်တွင် ဒုတိယချေပဂိုးသွင်းယူနိုင်ခဲ့သည်။ အကောင်းဆုံး ခြေစွမ်းပြခဲ့သောမက်ဆီမှာ ပွဲချိန် ၈၃ မိနစ်တွင် ဟက်ထရစ်ရရှိခဲ့ပြီး ဘာစီလိုနာက ဂိုးပြတ်နိုင်ပွဲ ရယူခဲ့သည်။

ဘော်လွန်းဒီအော်ဆုကို ပိုင်ဆိုင်ခဲ့ပြန်သော မက်ဆီသည် နောက်ဆုံးဘောလုံးရာသီ ၁၄ ရာသီ၌ တစ်ရာသီလျှင် လိဂ်၁ဝ ဂိုးနှင့် ၁ဝ ဂိုး အထက်သွင်းနိုင်သော ကစားသမားအဖြစ်ရပ်တည် နိုင်ခဲ့သည်။ 

မက်ဆီသည် မာယော့ကာပွဲတွင်ဟက်ထရစ်ရခဲ့သောကြောင့် ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒို၏ လာလီဂါဟက်ထရစ်အများဆုံးစံချိန် တစ်ရပ်ကိုချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။

မက်ဆီသည် စီရိုနယ်ဒိုထက် လာလီဂါ ဟက်ထရစ်တစ်ကြိမ်ပိုသာခဲ့ပြီး ကစားသမားဘဝ တစ်လျှောက် လာလီဂါဟက်ထရစ် ၃၅ ကြိမ် ရယူနိုင်ခဲ့သည်။ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် မှာလည်း မာယော့ကာပွဲ၌ လှလှပပဂိုးသွင်းနိုင် ခဲ့သည်။ ဒီဂျောင်က ဘောလုံးပေးလိုက်သည်ကို ဆွာရက်ဇ်က နောက်ပေါက်ဖြင့် ဂိုး၏ညာဘက် ထောင့်သို့ လှလှပပ သွင်းပေးခဲ့ခြင်းဖြစ်သည်။နောက်ပေါက်ဖြင့်သွင်းခဲ့သည့်ဂိုးမှာ ၄င်း၏ပရိုဘဝ အကောင်းဆုံးဂိုးဖြစ်ဟု ဆွာရက်ဇ်ကပြောခဲ့သည်။ ဘာစီလိုနာသည် လာလီဂါပွဲစဉ်(၁၆)အပြီး ၃၄ မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေသည်။

 



ဖတ်ရှုမှုအများဆုံး