လက်ဘနွန်၌ ဖြစ်ပွားနေသည်မှာ ရက် ၅၀ နီးပါးကြာမြင့်ခဲ့ပြီဖြစ်သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများအတွင်း သတင်းမီဒီယာများအား ခြိမ်းခြောက်မှု၊ ကိုယ်ထိလက်ရောက်မှုနှင့် ဖြစ်ရပ်အချို့တွင် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများအထိရှိလာခဲ့ပြီဖြစ်သည်။
လက်ဘနွန်၌ စီးပွားရေးကျဆင်းမှုကြောင့် အောက်တိုဘာ ၁၇ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့သည်။ ယင်းနောက်တွင် ဆန္ဒပြမှုများသည် လက်ဘနွန်အုပ်ချုပ်မှုအားလုုံးကို ဆန့်ကျင်သည့် ဆန္ဒပြမှုများအဖြစ် အသွင်ပြောင်းလဲလာခဲ့သည်။ သတင်းမီဒီယာသမားအချို့ကိုလည်း အစိုးရလိုလားသူများအဖြစ် သတ်မှတ်ကာ ပစ်မှတ်ထားတိုက်ခိုက်မှုများလည်းရှိခဲ့သည်။
လက်ဘနွန်သည် အာရပ်ကမ္ဘာတွင် သတင်းစာလွတ်လပ်ခွင့်အရှိဆုံးနိုင်ငံဖြစ်ကြောင်း ပြောဆိုမှုများရှိခဲ့သော်လည်း နိုင်ငံတွင်း အထွေထွေယိုယွင်းလာသည့် အခြေအနေများနှင့်အတူ မီဒီယာသမားများအပေါ် တိုက်ခိုက်မှုများလည်းရှိလာခဲ့သည်။
မီဒီယာသမားများအပေါ် တိုက်ခိုက်မှုသည် ဆန္ဒပြနေ့ရက်အစောပိုင်းမှာပင် စတင်ခဲ့သည်။ ဆန္ဒပြမှုများဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် ဘေရွတ်၌ အမ်တီဗွီမှ သတင်းထောက် နာဝယ် ဘယ်ရီကို ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့နှင့် မဟာမိတ်များကိုထောက်ခံသူများက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ ဆန္ဒပြသူများသည် ဘယ်ရီ၏ ကင်မရာကိုဖျက်ဆီးပြီး မိုက်ခရိုဖုန်းကိုလုယူခဲ့ကာ ၎င်းကို တံတွေးဖြင့် ဝိုင်းထွေးခဲ့ကြသည်။
အမ်တီဗွီကဲ့သို့သတင်းမီဒီယာဌာနငယ်များကို ဟစ်ဇ်ဘိုလာကဲ့သို့ သြဇာရှိသည့် အဖွဲ့အစည်းများက ဆန္ဒပြသူများကို ထောက်ခံသည့် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ပြီး ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်သည်။ ဟစ်ဇ်ဘိုလာ၊ သမ္မတမီရှဲ အာယွန်၏ လွတ်လပ်သော မျိုးချစ်လှုပ်ရှားမှုအဖွဲ့နှင့် လွှတ်တော်ဥက္ကဋ္ဌ နာဘီ ဘာရီ၏ အာမယ်လှုပ်ရှားမှုအဖွဲ့တို့ကလည်း မီဒီယာဌာနများစွာကို ပိုင်ဆိုင်ထားသည်။
ယင်းမီဒီယာဌာနများသည် ဆန္ဒပြသူများအား သူခိုးဓားပြများဟု ခေါ်ဆိုပြီး အုပ်ချုပ်ရေးစနစ်အားနည်းအောင် လုပ်ဆောင်နေသည့် အင်အားစုအဖြစ် ပုံဖော်ခဲ့သည်။
အယ်လ်ဘီစီ တီဗွီရုပ်သံဌာန၌ အစီအစဉ်တင်ဆက်သူအဖြစ်မှ လွန်ခဲ့သောလတွင် နုတ်ထွက်ခဲ့သည့် ဒိမာ ဆာဒက်ကိုလည်း ဟစ်ဇ်ဘိုလာထောက်ခံသူများက ပစ်မှတ်ထားခဲ့သည်။ ဟစ်ဇ်ဘိုလာထောက်ခံသူများသည် ဆာဒက်၏ဖုန်းကိုလုယူခဲ့ပြီး ၎င်း၏မိခင်ထံသို့ ဖုန်းဆက်ကာ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်။
ဒီဇင်ဘာ ၆ ရက်တွင် ရှီယိုက်ဘာသာရေးဆရာတစ်ဦးက ဆာဒက်သည် အစ္စလာမ်ဥပဒေများကို ချိုးဖောက်သူဖြစ်သောကြောင့် ညာဘက်လက်နှင့် ဘယ်ဖက်ခြေထောက်တို့ကို ဖြတ်တောက်သည့် အပြစ်ပေးမှုကို ခံယူထိုက်သူဖြစ်ကြောင်း နောက်လိုက်နောက်ပါများကို ဟောပြောခဲ့သည်။

















