စပါးကွင်းလယ်လူ ဒယ်လီအယ်လီ က ဘန်လေအား ငါးဂိုးပြတ်အနိုင်ရခဲ့ သောပွဲတွင် အသင်းအတွက် တတိယ ဂိုးကို တစ်ကိုယ်တော်အစွမ်းဖြင့်သွင်း ယူနိုင်ခဲ့သော တောင်ကိုရီးယားတိုက် စစ်မှူး ဆွန်ဟောင်မင်အား ချီးကျူး ပြောကြားခဲ့သည်။
စပါးအသင်းသည် အိမ်ကွင်းတွင် အကောင်းဆုံးပုံစံဖြင့် ကစားခဲ့ပြီး ဆွန်ဟောင်မင်မှာ ပွဲချိန် ၃၂ မိနစ်တွင် ဆိုလိုဂိုးသွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆွန်ဟောင်မင်သည် စပါး ကွင်းဘက်ခြမ်းမှ ဘောလုံးဆွဲပြေး ယူခဲ့ပြီး ဘန်လေကစားသမားများ ကို တစ်ဆင့်ခြင်းကျော်ဖြတ်ကာ ပင်နယ်တီဂိုးဧရိယာအထိ အရှိန် အဟုန်ဖြင့်ပြေးလွှားခဲ့ပြီးနောက် အပိုင်ဂိုးသွင်းခဲ့ခြင်းဖြစ်သည်။
ဆွန်ဟောင်မင်၏ဂိုးသွင်းပုံမှာ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုကဲ့သို့ဟု စပါးနည်းပြ မော်ရင်ဟိုက ချီးကျူးခဲ့သည်။
အယ်လီက ''ဆွန်ဟောင်မင် ဟာ ဒီနေ့မှာတော့ အားလုံးကိုဖမ်းစား နိုင်ခဲ့ပါတယ်။ သူသွင်းခဲ့တဲ့ဂိုးဟာ မယုံ ကြည်နိုင်စရာကောင်းပါတယ်။ တကယ့် ကိုကောင်းတဲ့ တန်ပြန်တိုက်စစ်လည်း ဖြစ်တယ်။ သူဟာ အလုပ်ကြိုးစားပြီး အသင်းအတွက် အကောင်းဆုံးကစား ပေးနေပါတယ်''ဟု ပြောခဲ့သည်။
ဆွန် ဟောင်မင်ကမူ ၎င်းအနေဖြင့် ဘောလုံး လက်ခံရရှိချိန် အယ်လီထံသို့ထိုးပေးရန် ကြိုးစားခဲ့ကြောင်း၊ ဘောလုံးဆွဲ ပြေးစဉ် အယ်လီကိုမတွေ့ခဲ့ကြောင်း၊ အရှိန်အဟုန်ဖြင့်ပြေးခဲ့ရ၍ မောပန်း ခဲ့သော်လည်း ဂိုးမဝင် ဝင်အောင်သွင်း နိုင်ရန်သာ အာရုံစိုက်ခဲ့ဟု ဖွင့်ဟခဲ့သည်။















