အရေးပါသော စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

အရေးပါသော စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

အင်မတန်အရေးပါသော စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 

ဆိုဟဲဂြိုဟ်တုလွှတ်ရေးကွင်း၌ ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် စမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိ်ုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြခဲ့သည်။ မည်သည့်စမ်းသပ်မှုဖြစ်ကြောင်း သတင်းဌာနကဖော်ပြခြင်းမပြုခဲ့ချေ။ မြောက်ကိုရီးယားသည် ဂြိုဟ်တုလွှတ်တင်ကိရိယာများတွင်သုံးသည့် အင်ဂျင်ကို ပြန်လည်စမ်းသပ်ခြင်းဖြစ်နိုင်ကြောင်း ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ သိရှိရသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

စမ်းသပ်မှုသည် မြောက်ကိုရီးယားမဟာဗျူဟာရပ်တည်ချက်အပေါ် အရေးပါသော သက်ရောက်မှုရှိလာမည်ကြောင်း ကေစီအင်န်အေက ဖော်ပြခဲ့သည်။ ဆိုဟဲဂြိုဟ်တုလွှတ်တင်စခန်းသည် မြောက်ကိုရီးယားနိ်ုင်ငံ အနောက်ပိ်ုင်း တုန်ချန်းရီဒေသတွင်တည်ရှိပြီး မကြာသေးမီနှစ်များအတွင်း ယင်းနေရာတွင် ဂြိုဟ်တုလွှတ်တင်မှုများစွာကို ပြုလုပ်ခဲ့သည်။ သို့သော် မြောက်ကိုရီးယားသည် ဂြိုဟ်တုလွှတ်တင်မှုကိုအကြောင်းပြပြီး တိုက်ချင်းပစ်ဒုံးကျည်များ၊ တာဝေးပစ်ဒုံးကျည်များပစ်လွှတ်နို်ုင်သည့် နည်းပညာကိုစမ်းသပ်နေခြင်းဖြစ်ကြောင်း အနောက်နိုင်ငံများက ပြောဆိုခဲ့သည်။

ယမန်နှစ်တွင် မြောက်ကိုရီးယားသည် အမေရိကန်နှင့် ဆွေးနွေးမှုရလဒ်အဖြစ် တုန်ချန်ရီစခန်းရှိ အစိတ်အပိုင်းအချို့ကို ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပြောဆိုထားပြီးဖြစ်သည်။

ကိုရီးယားကျွန်းဆွယ်၌ နျူလက်နက်ကင်းစင်ရေးလုပ်ဆောင်မှုနှင့်ပတ်သက်၍ ဆွေးနွေးတော့မည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ကင် ဆွန်က ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။