ဒီမိုကရေစီ၏စံနှုန်းဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားနေသည့် ဥပဒေ ခုနစ်ခုမှ ပုဒ်မအချို့ကို ပြင်ဆင်ရန်လုပ်ဆောင်မည်ဖြစ်ကြောင်း အဖွဲ့အစည်း ၁၆ ခုက ပူးပေါင်းထုတ်ပြန်လိုက်သည်။
အဆိုပါအဖွဲ့ ၁၆ ဖွဲ့သည် ဒီမိုကရေစီစံနှုန်းနှင့်မညီသည့် ဥပဒေများပြင်ဆင်နိုင်ရေးအတွက် ဒီဇင်ဘာ ၇ ရက်က နေပြည်တော်၊ Horizontal ဟိုတယ်၌ ဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီး ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ကြခြင်းဖြစ်သည်။
၎င်းတို့သည် သတင်းမီဒီယာဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေပါ ပုဒ်မအချို့တို့ကို စနစ်တကျလေ့လာသုံးသပ်ကာ ပြင်ဆင်/ဖျက်သိမ်းခြင်းများပြုလုပ်ရန် ယင်းအဖွဲ့များက သဘောတူထုတ်ပြန်ခဲ့ကြသည်။
ယင်းဥပဒေများပြင်ဆင်နိုင်ရန် Freedom of Expression Advocacy Cooperation(FEAC)အဖွဲ့ဟု အမည်ပေးထားသည့် ပူးပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းပူးပေါင်းအဖွဲ့မှ အစိုးရနှင့် လွှတ်တော်များသို့ ပြည်သူများကိုယ်စား ဆွေးနွေးလှုံ့ဆော်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများထံမှ သိရသည်။
ဒီဇင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ဥပဒေပြင်ဆင်နိုင်ရေး ဆွေးနွေးပွဲတစ်ခု ထပ်မံပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် အဖွဲ့ ၂၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း အသံအဖွဲ့မှ မောင်ဆောင်းခက ပြောသည်။
" ဒီဆွေးနွေးပွဲမှာတော့ ပြင်မယ့်ဥပဒေတွေက လျော့သွားစရာမရှိဘူး။ ထပ်ပါလာဖို့ပဲရှိတယ်။ ဘာလို့လဲဆိုတော့ အခု ခုနစ်ခုဆိုတာက အကြမ်းဖျင်းအားဖြင့်ပဲ ဆွေးနွေးထားတာဖြစ်တယ်။ အသေးစိတ်သွားရင် အခြားသော ဥပဒေတွေလည်း ကျန်သေးတယ် " ဟု ၎င်းက ပြောသည်။
" ကျွန်တော်တို့အသံအဖွဲ့အနေနဲ့ အပြင်ချင်ဆုံးကတော့ အန္တရာယ်များတဲ့ တရားစွဲခံရရင် အာမခံလည်း မရတဲ့ ချက်ချင်းထောင်ထဲသွားနေရတဲ့ နိုင်လွတ်လုံဥပဒေကို အရင်ဆုံးပြင်ချင်ပါတယ်။ နောက်ပြီး လတ်တလော တရားစွဲဆိုမှုတွေမြင့်တက်နေတဲ့ ၅၀၅(က)(ခ)တို့၊ ၆၆(ဃ)တို့၊ ငြိမ်းစုစီတို့လည်း အရေးကြီးတဲ့အထဲမှာပါတယ် " ဟု ၎င်းက ဆိုသည်။
မြန်မာမီဒီယာရှေ့နေများကွန်ရက်(MMLN)၊ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ(PCMJ)၊ မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့(MWJS)၊ ညီမျှခြင်းမြန်မာ၊ အသံအဖွဲ့(Athan)၊ Action Committee for Democracy Development(ACDD)၊ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံအလုပ်သမားများသမဂ္ဂများအဖွဲ့ချုပ်(AFM-IUF)၊ Generation Wave၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊ Free Expression Myanmar(FEM)၊ Kings N Queens၊ Solidarity Trade Union of Myanmar(STUM)၊ Union of Karenni State Youth(UKSY)၊ Legal Clinic Myanmar၊ Nay Thu Yein Law Firm၊ Sympathy Pro Bono Lawyers Group(SPLG)တို့သည် ဒီဇင်ဘာ ၇ ရက်က နေပြည်တော်၌ ဆွေးနွေးခဲ့သကဲ့သို့ ဩဂုတ် ၃၁ ရက်ကလည်း ရန်ကုန်မြို့၌ ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
















