ကမ္ဘာကြီး ပူနွေးမှုကြောင့် ရာသီဥတုပြောင်းလဲကာ ပင်လယ်သမုဒ္ဒရာများအတွင်း အောက်ဆီဂျင် လျော့နည်းသထက် လျော့နည်းလာပြီး ရေနေသတ္တဝါမျိုးစိတ်အများအပြားအတွက် အန္တရာယ်ရှိလာကြောင်း သိပ္ပံပညာရှင်များက ဒီဇင်ဘာ ၇ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
၁၉၆၀ ပြည့်နှစ်များက ပင်လယ်သမုဒ္ဒရာများ၏ ၄၅ နေရာခန့်တွင်သာ အောက်ဆီဂျင် လျော့နည်းမှု ပြဿနာ ကြုံခဲ့ရပြီး ယခုအခါ နေရာပေါင်း ၇၀ဝ ခန့်သည် ထိုသို့ ကြုံတွေ့နေရပြီဖြစ်ကြောင်း အိုင်ယူစီအင်န် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ သိပ္ပံပညာရှင်များက သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။အောက်ဆီဂျင် လျော့နည်းမှုကြောင့် ငါးမျိုးစိတ်အများအပြား အသက်ရှင်ရပ်တည်ရေး အန္တရာယ်ကျရောက်လာကြောင်း သုတေသီများက ပြောသည်။
ကမ္ဘာကြီး ပူနွေးမှုကြောင့် ပင်လယ်ပြင်အတွင်း အောက်ဆီဂျင် လျော့နည်းလာနေသလို၊ လူသားများ၏ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် ဘေးထွက်ဓာတုပစ္စည်းများ ပင်လယ်ရေထဲ ရောက်ရှိမှုကြောင့်လည်း အောက်ဆီဂျင် လျော့နည်းမှုပြဿနာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း ကာဗွန်ဒိုင်အောက်ဆိုက်များ ပိုမိုထွက်ရှိလာကာ ဖန်လုံအိမ်အာနိသင်ပေါ်ပေါက်ပြီး ပူနွေးမှု မြင့်တက်လာရာ အပူအများစုကို ပင်လယ်ပြင်က စုပ်ယူရလျက်ရှိသည်။ ပူနွေးသော ရေပြင်သည် အောက်ဆီဂျင်ကို ထိန်းထားနိုင်စွမ်း လျော့ကျလာသည်။ ၁၉၆၀ မှ ၂၀၁၀ အကြား ကမ္ဘာ့ပင်လယ်ပြင်များတွင် အောက်ဆီဂျင်ပါဝင်နှုန်း ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သုတေသီများက ပြောသည်။
နေရာဒေသကိုလိုက်၍ အောက်ဆီဂျင် လျော့နည်းနှုန်း ပြောင်းလဲမှုရှိပြီး အချို့သော အပူပိုင်းဇုန်များတွင် ၄၀ ရာခိုင်နှုန်းထိ အောက်ဆီဂျင် လျော့နည်းသွားပြီဖြစ်ကြောင်း အိုင်ယူစီအင်န်မှ မင်နာ အပ်က ပြောသည်။ လက်ရှိနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ၂၁၀ဝ ပြည့်နှစ်ရောက်သည့်အခါ ကမ္ဘာ့ပင်လယ်ပြင်များသည် ပျမ်းမျှ အောက်ဆီဂျင် ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းခန့်ထိ ဆုံးရှုံးရဖွယ်ရှိကြောင်းလည်း အိုင်ယူစီအင်န်က ထောက်ပြသည်။

















