ဗြိတိန်ရွေးကောက်ပွဲ ဝင်ရောက်ချယ်လှယ်မှု သံသယရှိရသည့် ရုရှား အကောင့်အများအပြားကို Reddit ပိတ်ပင်

ဗြိတိန်ရွေးကောက်ပွဲ ဝင်ရောက်ချယ်လှယ်မှု သံသယရှိရသည့် ရုရှား အကောင့်အများအပြားကို Reddit ပိတ်ပင်

ဗြိတိန်အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းခန့်သာ လိုတော့ချိန်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန်ကိစ္စဖြစ်ပွားပြီးနောက်ပိုင်း ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်များ ပေါက်ကြားခဲ့ကာ ရုရှားမှ အကောင့်ပိုင်ရှင်များက ဖွင့်ချခြင်းဖြစ်နိုင်ကြောင်း Reddit ဆိုရှယ်မီဒီယာက သုံးသပ်၍ အကောင့်အများအပြားကို ပိတ်ပင်ခဲ့သည်။
 

ရွေးကောက်ပွဲ မဲရလဒ်အပေါ် လွှမ်းမိုးရန် ကြိုးပမ်းမှုဖြင့် အကောင့် ၆၁ ခုကို ပိတ်ပင်လိုက်ကြောင်း Reddit က ထုတ်ပြန်ထားသည်။ ယခုနှစ်ဆန်းပိုင်းက ဖော်ထုတ်နိုင်ခဲ့သော ဆိုရှယ်မီဒီယာပေါ်တွင် လွှမ်းမိုးရေး ရုရှားမှ လှုပ်ရှားသူများပါဝင်သည့် Secondary Infektion လှုပ်ရှားမှုနှင့် ပုံစံတူ လှုပ်ရှားမှုများကို ယခုအကြိမ်တွင်လည်း ထောက်လှမ်းတွေ့ရှိရကြောင်း Reddit က ပြောသည်။

မကြာခင် ကျင်းပတော့မည့် ဗြိတိန်အထွေထွေရွေးကောက်ပွဲတွင် အောက်လွှတ်တော် အမတ်နေရာ ၆၅၀ စလုံးအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ပြီးနောက်ပိုင်း ဥရောပသမဂ္ဂသာမက နိုင်ငံတကာနှင့်ပါ ဗြိတိန်၏ ဆက်ဆံရေးမူဝါဒအပေါ်လည်း ယခုရွေးကောက်ပွဲက လွှမ်းမိုးမှုရှိမည်ဖြစ်သည်။

ကုန်သွယ်ရေး လျှို့ဝှက်စာတမ်းများ ပေါက်ကြားမှုနှင့် ပတ်သက်ပြီး ဗြိတိန် အစိုးရကမူ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။ ဗြိတိန်သည် ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်တွင် အဖွဲ့ဝင် ၂၈ နိုင်ငံရှိသော ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် လျာထားသည်။

ဗြိတိန်ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းသည့်် လုပ်ရပ်များ ပေါ်ပေါက်မလာစေရန် အစိုးရက အချိန်ပြည့် စောင့်ကြည့်လျက်ရှိကြောင်း ဗြိတိန် ယဉ်ကျေးမှုဝန်ကြီး နစ်ကီ မော်ဂန်က ပြောသည်။

ဗြိတိန်အစိုးရသည် ယခင်က နိ်ုင်ငံရေးနယ်ပယ်တွင် ရုရှား ဝင်စွက်ဖက်မှုများရှိခဲ့ကြောင်း လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ အစီရင်ခံစာကို အများပြည်သူသို့ ထုတ်ပြန်ပေးရန် ပျက်ကွက်မှုကြောင့်လည်း ဝေဖန်မှုများနှင့် ကြုံရလျက်ရှိသည်။ ဒီဇင်ဘာ ၁၂ ရက် ရွေးကောက်ပွဲမတိုင်မီ အစီရင်ခံစာကို အများပြည်သူသို့ ထုတ်ပြန်ပေးရန် အစိုးရမှာ ဖိအားပေးခံရလျက်ရှိသည်။