အမေရိကန်၌ ပစ်ခတ်မှုကျူးလွန်ခဲ့သူ ဆော်ဒီစစ်သင်တန်းသားသည် ပစ်ခတ်သတ်ဖြတ်မှုဗီဒီယိုအများအပြား ကြည့်ထားသူဖြစ်

အမေရိကန်၌ ပစ်ခတ်မှုကျူးလွန်ခဲ့သူ ဆော်ဒီစစ်သင်တန်းသားသည် ပစ်ခတ်သတ်ဖြတ်မှုဗီဒီယိုအများအပြား ကြည့်ထားသူဖြစ်

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ရေတပ်အခြေစိုက်စခန်းအတွင်း ဒီဇင်ဘာ ၆ ရက်က ဆော်ဒီ စစ်သင်တန်းသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံးခဲ့ရမှုတွင် ထိုသင်တန်းသားသည် ပစ်ခတ်မှုမတိုင်ခင်ရက်က အခြားသင်တန်းသား သုံးဦးနှင့်အတူ လူအစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားသည့် ဗီဒီယိုများ ကြည့်ခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ပြောကြားသည်။

သေနတ်သမား၏ ရည်ရွယ်ချက်နှင့် အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်မှု ရှိ မရှိကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြည်ပ စစ်သင်တန်းသားများကို အမေရိကန်တွင် လေ့ကျင့်သင်တန်းပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားထားသည်။

ဆော်ဒီ စစ်သင်တန်းသားက စာသင်ဆောင်တွင် ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းကို အသေပစ်ခတ် သုတ်သင်ခဲ့ရသည်။ ပစ်ခတ်မှုကြောင့် နောက်ထပ် ရှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခြေစိုက်စခန်း၌ သင်တန်းတက်ရောက်နေသော ဆော်ဒီ စစ်သင်တန်းသား ၁၀ ဦးခန့်ကိုလည်း ထိန်းသိမ်းထားသည်။

ပစ်ခတ်မှု မဖြစ်ပွားခင် ရက်ပိုင်းခန့်က သေနတ်သမား စစ်သင်တန်းသား တည်ခင်းသော ညစာစားပွဲပါတီသို့ သင်တန်းသားအချို့ တက်ရောက်ခဲ့ကြပြီး ထိုပါတီအတွင်း အမေရိကန်နိုင်ငံတွင်း အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဉ် ဗီဒီယိုများကို အခြားသူ သုံးဦးနှင့်အတူ သေနတ်သမားက ကြည့်ရှုခဲ့ကြောင်း သက်သေအချို့က ထွက်ဆိုထားသည်။

သေနတ်သမားသည် အသက် ၂၁ နှစ်အရွယ် မိုဟမ္မဒ် အယ်ရှမ်ရာနီဖြစ်ကြောင်း အက်ဖ်ဘီအိုင်က ဒီဇင်ဘာ ၇ ရက်ညပိုင်းတွင် အတည်ပြု ထုတ်ပြန်သည်။ ၎င်းသည် ဆော်ဒီ လေတပ်တွင် ဗိုလ်တစ်ဦးဖြစ်ပြီး ဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာမြို့ရှိ ရေတပ်အခြေစိုက်စခန်းတွင် လေတပ်မွမ်းမံသင်တန်း တက်ရောက်နေသူဖြစ်သည်။ ထိုသူ၏ ဆိုရှယ်မီဒီယာ အသုံးပြုမှုများကိုလည်း အက်ဖ်ဘီအိုင်က စစ်ဆေးလျက်ရှိပြီး တစ်ကိုယ်တော် ကျူးလွန်ခြင်း သို့မဟုတ် အကြမ်းဖက်ကွန်ရက်များနှင့် ဆက်စပ်ခြင်း ရှိ မရှိကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။