နယူးဇီလန်တွင် ကမ္ဘာလှည့်များရှိနေစဉ် မီးတောင်ပေါက်ကွဲ၍ လူအများအပြား ပျောက်ဆုံး

နယူးဇီလန်တွင် ကမ္ဘာလှည့်များရှိနေစဉ် မီးတောင်ပေါက်ကွဲ၍ လူအများအပြား ပျောက်ဆုံး

နယူးဇီလန်နိုင်ငံ ကျွန်းတစ်ကျွန်းတွင် ဒီဇင်ဘာ ၉ ရက်က ကမ္ဘာလှည့်ခရီးသည် ၁၀ဝ ကျော် ရှိနေစဉ် မီးတောင်ပေါက်ကွဲမှုကြောင့် လူအများအပြား ဒဏ်ရာရရှိသလို၊ အများအပြားလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က ထုတ်ပြန်ပြောကြားသည်။

ကျွန်းဖြူ ပေါ်ရှိ မီးတောင်ဝတွင် ခရီးသွား အများအပြား လှည့်ပတ်လေ့လာနေကြစဉ် မီးတောင်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဗီဒီယိုမှတ်တမ်းများအရ သိရသည်။

ကျွန်းဖြူသည် နယူးဇီလန် မြောက်ပိုင်းကျွန်း ကမ်းလွန်တွင် တည်ရှိပြီး နိုင်ငံအတွင်း လှုပ်ရှားမှု အရှိဆုံး မီးတောင်ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။ မီးတောင် သက်ဝင်လှုပ်ရှားနေသည့်တိုင် ထိုကျွန်းသည် ခရီးသည်သွားလာလည်ပတ်မှု အများဆုံးဖြစ်သလို၊ ကျွန်းတစ်ဝိုက် သဘာဝအလှအပများ လှည့်ပတ်ကြည့်ရှုနိုင်မည့် လေယာဉ်ခရီးစဉ် အများအပြားလည်း ပြေးဆွဲလျက်ရှိသည်။

ဗီဒီယိုမှတ်တမ်းတစ်ခုတွင် ခရီးသွားအများအပြား မီးတောင်ဝတွင် သွားရောက်ကြည့်ရှုနေစဉ် မီးတောင်ပေါက်ကွဲပြီး ဗီဒီယိုရပ်တန့်သွားသည်ကို တွေ့ရသည်။ မီးတောင်ဝန်းကျင်တွင် လူတစ်ရာခန့် ရှိနေနိုင်ပြီး သေဆုံး၊ ဒဏ်ရာရနှင့် ပျောက်ဆုံးစာရင်းများကို အတည်ပြုပေးနိုင်ရန် ကြိုးပမ်းဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် အာဒန်က ပြောသည်။

ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ မိနစ် ၃၀ အချိန်တွင် မီးတောင်ပေါက်ကွဲကာ ပြာများ၊ မီးခိုးများကို လေထုထဲသို့ မှုတ်ထုတ်ခဲ့သည်။ ကျွန်းဖြူပေါ်တွင် မီးတောင်ပေါက်ကွဲပြီး ဝန်းကျင်အနီးတစ်ဝိုက် သဘာဝဘေးအန္တရာယ်ရှိကြောင်း နယူးဇီလန် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ကြေညာထားသည်။

မီးတောင်သည် နောက်ထပ် ကြီးမားစွာ ပေါက်ကွဲမည့် အနေအထားမျိုး မတွေ့ရသေးကြောင်း ဘူမိအန္တရာယ်များ စောင့်ကြည့်ရေးအဖွဲ့ GeoNet က ကျွန်းပေါ်တွင် တပ်ဆင်ထားသည့် စောင့်ကြည့်ကိရိယာများမှ ရရှိသော အချက်အလက်များကို ကိုးကား၍ ဖော်ပြသည်။

မီးတောင်ဝန်းကျင်ဒေသတွင် နေထိုင်သူများအနေဖြင့် ပြာမှုန်များ လွင့်လာနိုင်သောကြောင့် အိမ်တွင်းမှာသာ သတိဖြင့် နေထိုင်ကြရန် ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။