ပါကစ္စတန်သူ ၆၂၉ ဦး တရုတ်သို့ သတို့သမီးများအဖြစ် ရောင်းချခံရ

ပါကစ္စတန်သူ ၆၂၉ ဦး တရုတ်သို့ သတို့သမီးများအဖြစ် ရောင်းချခံရ

၂၀၁၈ ခုနှစ်မှစ၍ ပါကစ္စတန်နိုင်ငံသူ မိန်းကလေး ၆၂၉ ဦးသည် သတို့သမီးများအဖြစ် တရုတ်နိုင်ငံသို့ ရောင်းစားခံခဲ့ရကြောင်း ပါကစ္စတန် စုံစမ်းစစ်ဆေးရေး အရာရှိများ၏ စာရင်းများကို ကိုးကား၍ အေပီသတင်းက ဖော်ပြသည်။

သို့သော် ယခုနှစ် ဇွန်လမှစ၍ စုံစမ်းစစ်ဆေးမှုများ ရပ်ဆိုင်းသွားခဲ့သည်။ တရုတ်နှင့်ဆက်ဆံရေးကြောင့် ပါကစ္စတန် အကျိုးကျေးဇူးများစွာ ရရှိခဲ့၍ ဆက်ဆံရေးထိခိုက်သွားမည်ကို စိုးရိမ်ပြီး ပါကစ္စတန်အစိုးရအရာရှိများ၏ ဖိအားပေးမှုကြောင့် စစ်ဆေးမှုများ ရပ်တန့်သွားခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက အေပီသို့ ပြောဆိုခဲ့သည်။

အောက်တိုဘာတွင် ဖိုင်ဆာလာဘတ်ရှိ တရားရုံးတစ်ရုံးသည် လူကုန်ကူးမှုနှင့်ဆက်စပ်ပြီး တရုတ်နိုင်ငံသား ၃၁ ဦးကို ကွင်းလုံးကျွတ်လွှတ်ပေးခဲ့သည်။ ကနဦးတွင် တွေ့ဆုံမေးမြန်းခွင့် ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည့် အမျိုးသမီးများစွာသည်လည်း ခြိမ်းခြောက်ခံရခြင်းနှင့် ငွေပေးနှုတ်ပိတ်ခံရခြင်းတို့ကြောင့် မေးမြန်းမှုများကို ဖြေဆိုခြင်းမပြုတော့ချေ။

တစ်ချိန်တည်းမှာပင် အစိုးရသည် လူကုန်ကူးမှုကွန်ရက်ကို လိုက်လံဖမ်းဆီးနေသည့် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဌာနမှ အရာရှိများအပေါ် ဖိအားပေးလာကြောင်း မိန်းကလေးငယ်များကို ပြန်လည်ကယ်ဆယ်ရေးတွင် ပါဝင်နေသည့် ခရစ်ယာန်ဘာသာဝင် လှုပ်ရှားသူ ဆာလင်း အစ်ဘယ်က ပြောဆိုခဲ့သည်။

ပါကစ္စတန်အစိုးရ အရာရှိများက စုဆောင်းပြုစုထားသည့် လူကုန်ကူးခံရသော မိန်းကလေးစာရင်းကို မသိရှိပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ပါကစ္စတန်ရှိ လူနည်းစုဝင် ခရစ်ယာန်များအား လူကုန်ကူးပွဲစားများက အဓိက ပစ်မှတ်ထားနေကြောင်း အေပီ၏ စုံစမ်းမှုအရ သိရသည်။ ဆင်းရဲသော မိဘများသည် ၎င်းတို့၏ သမီးငယ်များကို တရုတ်အမျိုးသားများအား ရောင်းချရန် သဘောတူနေရကြောင်း အေပီက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသို့ရောက်ရှိသွားသည့် သတို့သမီးအများစုသည် တစ်ဦးတည်းသီးခြားနေထိုင်ရပြီး အချို့သည်လည်း လိင်ကျွန်များအဖြစ် အသုံးချခံခဲ့ရသည်။