မလေးရှားနိုင်ငံရှိ သုံးလသားကလေးငယ်တစ်ဦး ပိုလီယိုရောဂါဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းသည် ၁၉၉၂ ခုနှစ်မှစ၍ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပိုလီယိုရောဂါ ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခြင်းဖြစ်ကြောင်း မလေးရှားကျန်းမာရေး အရာရှိတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောဆိုခဲ့သည်။
ဘော်နီယိုကျွန်း ဆာဘားပြည်နယ်ရှိ တူယာရန်မြို့မှ ယောကျာ်းလေးတစ်ဦးသည် အဖျားတက်ပြီး ကြွက်သားအားနည်းမှုဖြင့် ဆေးရုံသို့ရောက်ရှိလာပြီးနောက် ပိုလီယိုရောဂါရှိနေကြောင်း ဒီဇင်ဘာ ၇ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူး ဟီရှမ် အဗ္ဗဒူလာက ပြောဆိုခဲ့သည်။
လူနာကို သီးခြားထားရှိထားပြီး အခြေအနေတည်ငြိမ်နေပြီဖြစ်ကြောင်း အဗ္ဗဒူလာက ပြောဆိုခဲ့သည်။ မလေးရှား၌ ၁၉၉၂ ခုနှစ်တွင် ပိုလီယိုရောဂါ နောက်ဆုံးဖြစ်ပွားခဲ့ပြီးနောက် ပိုလီယိုကင်းစင်ပြီဖြစ်ကြောင်း ၂၀ဝ၀ ပြည့်နှစ်တွင် ကြေညာခဲ့သည်။ ဖိလစ်ပိုင်၌လည်း ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပိုလီယိုရောဂါပြန်လည်ဖြစ်ပွားနေကြောင်း စက်တင်ဘာလတွင် စစ်ဆေးတွေ့ရှိခဲ့သည်။
ယခုကလေးငယ်နေထိုင်သည့် ရပ်ကွက်ကို စစ်ဆေးကြည့်ရာ အသက် နှစ်နှစ်မှ ၁၅ နှစ်ကြား ကလေး ၁၉၉ ဦးအနက် ၂၃ ဦးသည် ပိုလီယိုကာကွယ်ဆေး ထိုးနှံထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အာရုံကြောစနစ်ကိုထိုးဖောက်ဝင်ရောက်ပြီး နာရီပိုင်းအတွင်း အကြောသေစေသည့် ပိုလီယိုရောဂါအတွက် ကာကွယ်ဆေးသာရှိပြီး ကုသဆေးမရှိသေးချေ။
ဖွံ့ဖြိုးမှုနည်းသော ဒေသများ၊ စစ်ဖြစ်နေသည့် ဒေသများရှိ ကျန်းမာရေးနှင့် မညီညွတ်သော နေရာများတွင် နေထိုင်သည့် ကလေးငယ်များတွင် ပိုလီယိုဖြစ်ပွားနိုင်ခြေပိုများသည်။ ယင်းကြောင့် မိဘများအနေဖြင့် သားသမီးများကို ငယ်ရွယ်စဉ်ကတည်းက ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးထားသင့်ကြောင်း အဗ္ဗဒူလာက တိုက်တွန်းပြောဆိုခဲ့သည်။

















