ဆော်ဒီအာရေဗျနိုင်ငံတွင် စားသောက်ဆိုင်များ ဝင်ပေါက်၌ အမျိုးသား၊ အမျိုးသမီး သီးခြားစီ ဝင်ပေါက်ခွဲထားသည့်စနစ်ကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယခင်က စားသောက်ဆိုင်များတွင် အမျိုးသမီးနှင့် မိသားစုဝင်များက သီးခြားဝင်ပေါက်မှ ဝင်ရန်၊ အမျိုးသားများက သီးသန့်ဝင်ပေါက်မှဝင်ရန် ဥပဒေအရ သတ်မှတ်ထားသည်။ သို့သော် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ထိုကန့်သတ်ချက်သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့သည်။ စားသောက်ဆိုင်၊ ကော်ဖီဆိုင်နှင့် အခြားဆိုင်အများအပြားသည် ထိုသို့ ဝင်ပေါက်သီးခြားစီ ထားရှိသည့်စနစ်ကို မကျင့်သုံးဘဲ ဝင်ပေါက်တစ်ပေါက်သာ ထားရှိလာခဲ့ကြသည်။
ယခုနှစ်ဆန်းပိုင်းကလည်း ဆော်ဒီအမျိုးသမီးများအား အမျိုးသား အဖော်မပါဘဲ ပြည်ပခရီးသွားလာခြင်း တားမြစ်ထားမှုကို အစိုးရက ပယ်ဖျက်ပေးခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း အစိုးရသည် အမျိုးသမီးများ ယာဉ်မောင်းခွင့်ကို ဆယ်စုနှစ်များစွာ ပိတ်ပင်ထားခဲ့မှုကို အဆုံးသတ်ပေးခဲ့သည်။
စားသောက်ဆိုင်များအနေဖြင့် အမျိုးသား၊ အမျိုးသမီး ခွဲခြားထားသော ဝင်ပေါက်များ ထားရှိရန် မလိုအပ်တော့ကြောင်း ဆော်ဒီ စည်ပင်သာယာဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။ အကယ်၍ စားသောက်ဆိုင်များအနေဖြင့် သီးခြားဝင်ပေါက် ဆက်လက်ထားရှိလိုပါကလည်း လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် မိုဟမ္မဒ် ဘင် ဆယ်လ်မန်သည် အိမ်ရှေ့မင်းသားဖြစ်လာပြီးနောက် ရှေးရိုးစွဲသည့် ဆော်ဒီလူ့အဖွဲ့အစည်းကို ခေတ်မီစေရေး ပြုပြင်ပြောင်းလဲမှု အများအပြား ဦးစီးဖော်ဆောင်ခဲ့သည်။ အိမ်ရှေ့စံ ဆယ်လ်မန်၏ ပြုပြင်ပြောင်းလဲရေးများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆိုထောက်ခံလျက်ရှိသော်လည်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီသတင်းသမား ဂျာမယ် ခါရှောဂီ ၂၀၁၈ ခုနှစ်က သတ်ဖြတ်ခံရမှုကြောင့် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။
ဆော်ဒီ၏ အဓိကမဟာမိတ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ဆော်ဒီ အစိုးရဘက်မှ ရပ်တည်ခုခံလျက်ရှိသည်။

















