မြောက်ကိုရီးယားခေါင်းဆောင် ရန်လိုနေပါက အရာရာကို ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း သမ္မတထရမ့် သတိပေး

မြောက်ကိုရီးယားခေါင်းဆောင် ရန်လိုနေပါက အရာရာကို ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း သမ္မတထရမ့် သတိပေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရန်လိုမှုများ ဆက်လက်ပြသနေမည်ဆိုပါက အရာရာကို ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၈ ရက်တွင် သတိပေးပြောဆိုခဲ့သည်။

ကင်ဂျုံအွန်သည် ရန်လိုစွာ ဆက်လက်ပြုမူနေမည်ဆိုပါက အရာရာကို ဆုံးရှုံးမည်ကို နားလည်ထားကြောင်း၊ ကင်ဂျုံအွန်သည် စင်ကာပူ၌ ၎င်းနှင့်အတူ နျူလက်နက် ဖျက်သိမ်းရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။ ထရမ့်သည် ၂၀၁၈ ခုနှစ်တွင် ကင်နှင့် စင်ကာပူ၌ တွေ့ဆုံခဲ့ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။
    ကင်ဂျုံအွန်သည် အမေရိကန်ပြည်ထောင်စုသမ္မတနှင့် ထားရှိသည့် အထူးဆက်ဆံရေးကို ထိခိုက်လိုမည်မဟုတ်သလို အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်စွက်ဖက်လိုစိတ်ရှိမည် မဟုတ်ကြောင်း ထရမ့်က ပြောဆိုခဲ့သည်။

ဆိုဟဲဂြိုဟ်တုလွှတ်တင်စခန်းတွင် အလွန်အရေးပါသော စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၈ ရက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားဘက်မှ တစ်ဖက်သတ် နျူလက်နက်ဖျက်သိမ်းရန် အမေရိကန်က တောင်းဆိုထားမှုကို ယခုနှစ်အကုန်နောက်ဆုံးထားပြီး ရုပ်သိမ်းရန် လိုအပ်ကြောင်း မြောက်ကိုရီးယားက ဆိုထားသည်။ အမေရိကန်နှင့် ဆွေးနွေးမှုမအောင်မြင်သောကြောင့် လမ်းသစ်ရှာပြီး လျှောက်လှမ်းမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးထားပြီးဖြစ်သည်။

ကင်ဂျုံအွန်လက်အောက်တွင် မြောက်ကိုရီးယားသည် စီးပွားရေးအရ အလားအလာများစွာရှိနေသော်လည်း ကတိပြုထားသည့်အတိုင်း ဦးစွာ နျူလက်နက်ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း ထရမ့်က ပြောဆိုခဲ့သည်။

အရေးပါသော စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနကဖော်ပြခဲ့သော်လည်း မည်သည့်စမ်းသပ်မှုဖြစ်သည်ကိုမူ ဖော်ပြခြင်းမပြုခဲ့ချေ။ မြောက်ကိုရီးယားသည် ဒုံးကျည်အင်ဂျင်စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒုံးကျည်ကျွမ်းကျင်သူများက ပြောဆိုခဲ့သည်။

အမေရိကန်နှင့် ဆွေးနွေးမှုတွင် နျူလက်နက်ဖျက်သိမ်းရေးအကြောင်းအရာကို ဆွေးနွေးတော့မည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးက ဒီဇင်ဘာ ၇ ရက်တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။