သြစတြေးလျနိုင်ငံသားများသည် အစိုးရအပေါ် ယုံကြည်ကိုးစားနှုန်း စံချိန်တင်ကျဆင်းလျက်ရှိပြီး ရာသီဥတုပြောင်းလဲမှုအရေးကို ပို၍ စိုးရိမ်လာနေကြကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်က ဖော်ပြသည်။
၂၀၁၉ ခုနှစ် သြစတြေးလျ ရွေးကောက်ပွဲ လေ့လာမှုစစ်တမ်းအရ မဲဆန္ဒရှင် ငါးဦးတွင် တစ်ဦးသည် ရာသီဥတုပြောင်းလဲမှုအရေးကို စိုးရိမ်လျက်ရှိကြောင်း တွေ့ရသည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကာလကထက် နှစ်ဆပိုများလာခြင်းဖြစ်ကြောင်း တွေ့ရသည်။ စစ်တမ်းဖြေဆိုသူများအနက် ၂၅ ရာခိုင်နှုန်းကသာ အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်များကို ယုံကြည်သည်ဟု ဆိုထားကြပြီး စစ်တမ်းသမိုင်းတစ်လျှောက် အနည်းဆုံးနှုန်းဖြစ်သည်။စစ်တမ်းကောက်ယူသည့်အဖွဲ့တွင် ဆစ်ဒနီ တက္ကသိုလ်နှင့် သြစတြေးလျ အမျိုးသား တက္ကသိုလ်တို့မှ သုတေသီများ ပါဝင်သည်။
အစိုးရသည် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြု ဆောင်ရွက်နေသည်ဟု စစ်တမ်းဖြေဆိုသူ ၁၂ ရာခိုင်နှုန်းကသာ ယုံကြည်ပြီး၊ အစိုးရသည် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုသည့် အခြားသော အကျိုးစီးပွား ကြီးကြီးမားမားများကို မျှော်ကိုးလုပ်ကိုင်နေသည်ဟု ၅၆ ရာခိုင်နှုန်းက ယုံကြည်လျက်ရှိသည်။
လေ့လာမှုစစ်တမ်းသည် မေလက လွှတ်တော်ရွေးကောက်ပွဲပြီးနောက် လူ ၂၁၇၉ ဦးကို သဘောထားမေးမြန်းထားခြင်းဖြစ်သည်။ နိုင်ငံ့စီးပွား တိုးတက်နှုန်း နှေးကွေးနေမှုကို အရှိန်မြှင့်တင်ရေး ကတိဖြင့် ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန် ဦးဆောင်သော လစ်ဘရယ်ပါတီက ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်က စတင်ကာ လွှတ်တော်ရွေးကောက်ပွဲပြီးတိုင်း ယခုသဘောထားစစ်တမ်းကို ကောက်ယူလျက်ရှိသည်။
ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း သြစတြေးလျတွင် မိုးခေါင်မှု၊ ရေကြီးမှုနှင့် တောမီးလောင်မှုများ အကြိမ်ရေ ပိုများလာသလို၊ ပို၍လည်း ပြင်းထန်လာနေသဖြင့် ပြည်သူအများစုသည် ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများအရေး ပို၍ စိတ်ပူပန်လျက်ရှိနေသည်။
တာရှည်မိုးခေါင်မှု၊ ရာသီဥတုပြောင်းလဲမှုများကြောင့် သြစတြေးလျတွင် ယခုနှစ် တောမီးရာသီသည် ပုံမှန်ထက် စောခဲ့ကာ ပို၍လည်း ပြင်းထန်စွာ လောင်ကျွမ်းခဲ့ကြောင်း သိပ္ပံပညာရှင်များက ထောက်ပြထားသည်။

















