ဖင်လန်နိုင်ငံရှိ ပို့ဆောင်ရေးဝန်ကြီး ဆန်နာ မာရင်ကို ၎င်း၏ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ဒီဇင်ဘာ ၈ ရက်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်ပြီဖြစ်သောကြောင့် ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာတော့မည် ဖြစ်သည်။
ဆိုရှယ်ဒီမိုကရက်ပါတီသည် ငါးပါတီပါဝင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် အင်အားအကြီးဆုံးဖြစ်ပြီး မာရင်သည် အသက် ၃၄ နှစ်အရွယ်တွင် ဝန်ကြီးချုပ်ဖြစ်လာမည် ဖြစ်သည်။ မာရင်၏ရှေ့တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အန်တီ ရင်းသည် စာတိုက်လုပ်ငန်းဝန်ထမ်းများ သပိတ်မှောက်မှုကို ကိုင်တွယ်ပုံညံ့ဖျင်းမှုနှင့် ပတ်သက်ပြီး တာဝန်ယူသည့်အနေဖြင့် ဒီဇင်ဘာ ၃ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့သည်။
ယုံကြည်မှုတည်ဆောက်နိုင်ရန် အလုပ်များစွာ လုပ်ရဦးမည်ဖြစ်ကြောင်း မာရင်က ပါတီတွင်း မဲခွဲဆုံးဖြတ်ပြီးနောက် သတင်းထောက်များကို ပြောသည်။ မာရင်သည် အသက် ၂၇ နှစ်အရွယ်တွင် ၎င်း၏မွေးရပ် တမ်ပဲမြို့၏ အုပ်ချုပ်ရေးကောင်စီ အကြီးအကဲဖြစ်လာပြီးနောက် ပါတီတွင်း ရာထူးအဆင့်ဆင့် တိုးတက်လာခဲ့သည်။
မာရင်သည် စက်မှုလုပ်ငန်းဝန်ထမ်းများ သပိတ်မှောက်နေချိန်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမည်ဖြစ်သည်။ သပိတ်မှောက်မှုကြောင့် ကုမ္ပဏီများသည် အမြတ်ငွေ ယူရို သန်း ၅၀ဝ ကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ဖင်လန်စက်မှုလုပ်ငန်းများအသင်းက ခန့်မှန်းထားသည်။
ဖင်လန်သည် ၂၀၁၉ နှစ်ကုန်အထိ ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူထားသည်ဖြစ်ရာ ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပမည့် ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေး၌ ဖင်လန်ကို ကိုယ်စားပြု တက်ရောက်နိုင်ရန်အတွက် မာရင်နှင့် အစိုးရအဖွဲ့ကို လွှတ်တော်က အမြန်ဆုံး အတည်ပြုပေးရန်ရှိကြောင်းလည်း သိရသည်။

















