ပင်စင်စနစ်ကို ပြုပြင်ပြောင်းလဲရန် ပြင်သစ် အစိုးရ၏ ကြိုးပမ်းမှုကို နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြပွဲများ အရှိန်မြင့်တက်လျက်ရှိပြီး သယ်ယူပို့ဆောင်ရေးလုပ်သားများသပိတ်ကြောင့် နိုင်ငံတစ်ဝန်း ပို့ဆောင်ရေးလုပ်ငန်းများ အကျပ်ဆိုက်သထက် ဆိုက်လာနေကြောင်း သိရသည်။
ဆန္ဒပြ သပိတ်မှောက်မှုများ လေးရက်မြောက်သည့် ဒီဇင်ဘာ ၈ ရက်တွင် ပြင်သစ်နိုင်ငံတစ်ဝန်း ရထားပြေးဆွဲမှု အများအပြား ရပ်ဆိုင်းခဲ့သည်။ မြို့တော်ပါရီရှိ မြေအောက်ရထားလိုင်း ၁၄ လိုင်း ရပ်ဆိုင်းခဲ့ကာ၊ မောင်းသူမပါသော အလိုလျောက် မြေအောက်ရထားလိုင်း နှစ်လိုင်းသည်သာ ပုံမှန်ပြေးဆွဲနိုင်ခဲ့သည်။ အခြားနိုင်ငံများသို့ ချိတ်ဆက်ပြေးဆွဲနေသော ရထားလိုင်းအများအပြားလည်း ပုံမှန်ပြေးဆွဲမှုများ ထိခိုက်ခဲ့သည်။
အလုပ်ဖွင့်ရက်ဖြစ်သော ဒီဇင်ဘာ ၉ ရက်တွင် အခြားကဏ္ဍများမှ လုပ်သားများပါ ပါဝင်ကာ သပိတ်မှောက်ကြရန် အလုပ်သမားသမဂ္ဂ အများအပြားက ဆော်သြလျက်ရှိသည်။ သပိတ်မှောက် ဆန္ဒပြပွဲများ စတင်ပြီးနောက်ပိုင်း လုပ်သားအများအပြားသည် တစ်ပြိုင်နက် ခွင့်ယူခြင်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ လုပ်သားသပိတ်ကြောင့် ရထားအနည်းငယ်သာ ပြေးဆွဲနိုင်သဖြင့် ခရီးသွားများအနေဖြင့် ဘူတာများတွင် ပြုံတိုးကာ ရထားမစောင့်ဘဲ အခြားနည်းလမ်းများဖြင့် သွားလာကြရန်လည်း ပြင်သစ် ရထားလုပ်ငန်းများက ကြေညာချက် ထုတ်ပြန်ထားသည်။
"ဒီဇင်ဘာ ၉ ရက်မှာ အိမ်မှာပဲ နေရင်နေကြပါ။ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ သွားလာကြပါ" ဟု အက်စ်အင်န်စီအက်ဖ် ရထားကုမ္ပဏီက ကြေညာထားသည်။
ခေတ်မမီတော့ဘဲ အမျိုးအစား ၄၂ မျိုးထိ ကွဲနေသော ပင်စင်စနစ်ကို ပြုပြင်ကာ တပြေးညီပုံစံဖြင့် ပင်စင်စနစ်သစ်ကို ဖန်တီးမည်ဖြစ်ကြောင်း၊ စနစ်သစ်သည် ပို၍မျှတမည်ဖြစ်သလို၊ နိုင်ငံ့ဘဏ္ဍာကိုလည်း ပိုထိရောက်စွာ အသုံးချရာရောက်မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မာခရွန်က ရှင်းလင်းပြောကြားသည်။
အသက် ၆၂ နှစ်တွင် အငြိမ်းစားယူနိုင်သည့် သတ်မှတ်ချက်ကို ပြင်ဆင်မည်မဟုတ်သော်လည်း အငြိမ်းစားမယူဘဲ အလုပ်ဆက်လုပ်လိုသူများအား ငွေကြေးနှင့် အခြားသော ခံစားခွင့်များ တိုးမြှင့်ပေးမည့် အချက်များ ထည့်သွင်းမည်ဖြစ်ကြောင်းလည်း သိရသည်။
ပင်စင်စနစ်သစ် အသေးစိတ်ကို ဒီဇင်ဘာ ၁၁ရက်တွင် အစိုးရက ထုတ်ပြန်မည်ဖြစ်သည်။

















