သမ္မတ ထရမ့်ကို ဆင်ခြင်တုံကင်းမဲ့သည့် သက်ကြားအိုဟု မြောက်ကိုရီးယား ပုတ်ခတ်

သမ္မတ ထရမ့်ကို ဆင်ခြင်တုံကင်းမဲ့သည့် သက်ကြားအိုဟု မြောက်ကိုရီးယား ပုတ်ခတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဆင်ခြင်တုံကင်းမဲ့သည့် သက်ကြားအိုဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ဒီဇင်ဘာ ၉ ရက်တွင် ပုတ်ခတ်ပြောကြားလိုက်သည်။
 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် အမေရိကန်သမ္မတတစ်ဦးနှင့် ဆက်ဆံရေးကောင်း ထူထောင်ထားနိုင်ခြင်းကို အဆုံးရှုံးခံလိုမည်မဟုတ်သလို၊ ရန်လိုသည့် လုပ်ရပ်များဖြင့် ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲကို ထိပါးအောင် လုပ်လိုစိတ်မျိုးလည်း ရှိမည်မထင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၉ ရက်တွင် တွစ်တာ၌ ရေးသားခဲ့မှုအပေါ် မြောက်ကိုရီးယား နျူကလီးယားအရေး အထူးကိုယ်စားလှယ် ကင်ယောင်ချိုက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် ဆုံးရှုံးစရာမရှိသောကြောင့် အမေရိကန်၏ ဖိအားကို ခေါင်းငုံ့ခံစရာအကြောင်းမရှိကြောင်း၊ ထရမ့် အစိုးရသည်သာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် သတ်မှတ်ထားသော နှစ်ကုန် နျူကလီးယား သဘောတူချက်သစ် ကမ်းလှမ်းရေး နောက်ဆုံးရက်ကိုလွန်ပြီး အချိန်ဆွဲရန် အားထုတ်နေခြင်းဖြစ်ကြောင်း ကင်ယောင်ချိုက ပြောသည်။

ထရမ့်၏ တွစ်တာအရေးအသားကို ကြည့်ရုံဖြင့် စိတ်မရှည် ဆင်ခြင်တုံမဲ့သည့် သက်ကြားအိုမှန်း သိသာလှကြောင်း ကင်ယောင်ချိုက ပြောသည်။ ကင်ယောင်ချိုသည် ပြီးခဲ့သည့်နှစ်က ဝါရှင်တန်သို့သွားကာ သမ္မတ ထရမ့်နှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး ထိပ်သီးအစည်းအဝေး နှစ်ကြိမ်ကျင်းပရန် ဦးဆောင်စီစဉ်ခဲ့သူဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း ရီဆူယောင်၏ သီးခြားထုတ်ပြန်ချက်တွင်လည်း ထရမ့်၏ အရေးအသားကိုကြည့်လျှင် တကယ်တမ်း ကြောက်လန့်နေသူမှာ ထရမ့်သာဖြစ်ကြောင်း၊ ဆိုးကျိုးကြီးကြီးမားမား မခံစားလိုလျှင် ထရမ့်အနေဖြင့် နှစ်ခါပြန်စဉ်းစားဖို့လိုပြီဖြစ်ကြောင်း ရီဆူဆောင်က ဆိုသည်။

ကင်ဂျုံအွန်သည် မိုက်မိုက်မဲမဲ ပြုမူပါက အရာရာ ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း၊ ကင်ဂျုံအွန် ခေါင်းဆောင်မှုအောက်တွင် မြောက်ကိုရီးယားသည် စီးပွားအခွင့်အလမ်း များစွာရှိနေသော်လည်း စီးပွားတံခါးပွင့်စေရန်မှာ နျူကလီးယားလက်နက်ကို ဦးစွာစွန့်လွှတ်ရန်တော့ လိုမည်ဖြစ်ကြောင်း ထရမ့်က တွစ်တာ၌ ရေးသားခဲ့မှုအပေါ် မြောက်ကိုရီးယားက ဒေါသတကြီး တုံ့ပြန်ထားခြင်း ဖြစ်သည်။