ဟောင်ကောင်ရှိ စာသင်ကျောင်းဝင်းတစ်ခုအတွင်း လက်လုပ်ဗုံးနှစ်လုံးတွေ့ရှိ

ဟောင်ကောင်ရှိ စာသင်ကျောင်းဝင်းတစ်ခုအတွင်း လက်လုပ်ဗုံးနှစ်လုံးတွေ့ရှိ

လူအများအပြားကိုသေစေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းပမာဏများစွာပါဝင်သည့် လက်လုပ်ဗုံးနှစ်လုံးကို ဟောင်ကောင်ရှိ စာသင်ကျောင်းဝင်းတစ်ခုအတွင်း တွေ့ရှိကာ အသက်မဲ့အောင် လုပ်ဆောင်ခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၉ ရက် အနှောင်းပိုင်းတွင် ပြောဆိုခဲ့သည်။

စာသင်ကျောင်းဝင်းအတွင်းတွေ့ရှိသော ဗုံးများသည် ပြည့်စုံပြီး အသုံးပြုရန် အသင့်ရှိနေသည့် ဗုံးများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ဗုံးများကို မိုဘိုင်းဖုန်းဖြင့် ချိတ်ဆက်ကာ ဖောက်ခွဲရန် စီစဉ်ထားခြင်းဖြစ်သည်။ ဗုံးများထဲတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းနှင့် သံချောင်း ၁၀ ကီလိုဂရမ်( ၂၂ ပေါင်) ပါဝင်ပြီး ပေါက်ကွဲခဲ့ပါက မီတာ ၁၀ဝ ခန့်အကွာအဝေးအထိ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

ဗုံးပေါက်ကွဲခဲ့ပါက လူများစွာ သေဆုံး၊ ဒဏ်ရာရရှိလိမ့်မည်ဖြစ်ကြောင်း ဗုံးရှင်းလင်းရေးအဖွဲ့မှအရာရှိ အဲလစ် မက်ဝီတာကပြောဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ စစ်သွေးကြွ တိုက်ခိုက်မှုများတွင် အသုံးပြုသော ပေါက်ကွဲစေတတ်သောပစ္စည်း တီအေတီပီ နှစ်ကီလိုဂရမ်( ၄ ဒသမ ၄ ပေါင်) ကိုသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် တီအေတီပီ တစ်ဂရမ်ပါဝင်သည့် ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုကိုလည်း တွေ့ရှိခဲ့ပြီးဖြစ်သည်။

စာသင်ကျောင်းသည် ပစ်မှတ်မဖြစ်နိုင်ဘဲ နောင်တွင် အသုံးပြုရန် ဗုံးများကို ဖွက်ထားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ဟောင်ကောင်၌ ဒီဇင်ဘာ ၈ ရက်တွင် လူထောင်သောင်းပေါင်းများစွာပါဝင်သော ဆန္ဒပြမှုကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် လွန်ခဲ့သော ခြောက်လအတွင်း အစွန်းရောက်ဆန္ဒပြသူများသည် အုတ်ခဲ၊ ဓာတ်ဆီဗုံး၊ လေးမြားများကို အသုံးပြုခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံး ၁၆၀ဝ၀ နှင့် ရာဘာကျည်ဆန် ၁၀ဝ၀ဝ တို့ကို အသုံးပြုခဲ့သည်။