အိန္ဒိယနိုင်ငံ၌ ဒီဇင်ဘာ ၉ ရက်တွင် အငြင်းပွားဖွယ် နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်တွင်းဆွေးနွေးနေချိန်တွင် ဘာသာရေးအရလူနည်းစုဝင် အများစုနေထိုင်သော နိုင်ငံအရှေ့မြောက်ပိုင်း၌ ဥပဒေကြမ်းကို ဆန့်ကျင်ဆန္ဒပြမှုများရှိခဲ့သည်။
မွတ်စလင်အများစုနိုင်ငံများဖြစ်သည့် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဟိန္ဒူ၊ ဆစ်ခ်၊ ဗုဒ္ဓဘာသာ၊ ဂျိန်းစ်၊ ဖာရ်စီနှင့် ခရစ်ယာန်ဘာသာဝင်များအား နိုင်ငံသားဖြစ်ခွင့်ပြုသည့် နိုင်ငံသားဖြစ်မှုဆိုင်ရာပြင်ဆင်ဖြည့်စွက်ချက်မူကြမ်းကို အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ ဦးဆောင်သောအစိုးရက လွှတ်တော်သို့ တင်သွင်းခဲ့သည်။ သို့သော် မွတ်စလင်များသည် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သော နိုင်ငံများတွင် ခိုလှုံခွင့်ရှိသောကြောင့် ၎င်းတို့ကိုမူ နိုင်ငံသားဖြစ်ခွင့်မပြုကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ဥပဒေကြမ်းသည် နိုင်ငံသားမဟုတ်သူများအပါအဝင် လူအားလုံးကို ပေးထားသည့် ဥပဒေရှေ့မှောက်တွင် အားလုံးတန်းတူညီမျှရှိသည် ဆိုသည့် မူဝါဒကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြောင်း အတိုက်အခံကွန်ဂရက်စ်ပါတီမှ အမတ် ရှာရှီ သာရူးကပြောဆိုခဲ့သည်။ ဥပဒေကြမ်းသည် တရားမဝင်ရွှေ့ပြောင်းများ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားခွင့်မရှိဟု ဖော်ပြထားသည့် ၁၉၅၅ နိုင်ငံသားဖြစ်ခွင့်ဆိ်ုင်ရာဥပဒေကို ပြင်ဆင်ဖြည့်စွက်ချက်ဖြစ်သည်။
ဥပဒေကြမ်းသည် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေကြောင်း အိန္ဒိယနှင့် ပြည်ပတို့မှ သိပ္ပံနှင့် ဝိဇ္ဇာဘာသာရပ်ပညာရှင် ၁၀ဝ တို့က ဒီဇင်ဘာ ၉ ရက်တွင် ပူးတွဲထုတ်ပြန်သည့် ပေးစာတွင်ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင်းသို့ တရားမဝင်ထိုးဖောက်ဝင်ရောက်သူများကို ဖယ်ရှားရန်သာဖြစ်ပြီး မွတ်စလင်များကို ပစ်မှတ်ထားခြင်းမရှိကြောင်း မိုဒီ၏အစိုးရက တုံ့ပြန်ထားသည်။ အိန္ဒိယတွင် မွတ်စလင် သန်း ၂၀ဝ ခန့်ရှိနေသည်။

















