မီးတောင်ကျွန်းပေါက်ကွဲမှုတွင် ကမ္ဘာလှည့်ခရီးသွားများ သေဆုံးမှု နယူးဇီလန်ရဲတပ်ဖွဲ့ အမှုဖွင့် စုံစမ်းမည်

မီးတောင်ကျွန်းပေါက်ကွဲမှုတွင် ကမ္ဘာလှည့်ခရီးသွားများ သေဆုံးမှု နယူးဇီလန်ရဲတပ်ဖွဲ့ အမှုဖွင့် စုံစမ်းမည်

နယူးဇီလန်နိုင်ငံတွင် အသက်ဝင်နေသည့် ကျွန်းဖြူ မီးတောင်ပေါက်ကွဲကာ ကျွန်းပေါ်သို့ သွားရောက်သော ကမ္ဘာလှည့်ခရီးသွားများ သေဆုံးရမှုကို အမှုဖွင့်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၉ ရက်က မီးတောင်ပေါက်ကွဲမှုကြောင့် ကမ္ဘာလှည့်ခရီးသည် ၁၃ ဦးထိ သေဆုံးနိုင်ခြေရှိကြောင်း ခန့်မှန်းထားပြီး အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြသည်။ လက်ရှိအချိန်ထိ ငါးဦး သေဆုံးကာ၊ ရှစ်ဦးပျောက်ဆုံးနေကြောင်း အတည်ပြုထားပြီး ကျွန်းတစ်ဝိုက် အသက်ရှင်ကျန်ရစ်သည့် လူသားအရိပ်အယောင်မျိုး မတွေ့ရကြောင်း ဝေဟင်မှ ရှာဖွေရေးအဖွဲ့များက ကနဦး ထုတ်ပြန်ထားသည်။ ကျွန်းဖြူပေါ်ရှိ မီးတောင်ပေါက်ကွဲကာ မီးခိုးနှင့် ပြာမှုန်များသည် ဝေဟင်ပေါ် မီတာ ၃၅၀ဝ ကျော်ထိ ရောက်ရှိခဲ့သည်။

သေဆုံးနှင့် ပျောက်ဆုံးသူများထဲတွင် သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်နိုင်ငံသား ခရီးသွားများ ပါဝင်သလို၊ နယူးဇီလန်နိုင်ငံသားများလည်း ပါဝင်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က ပြောသည်။ မလေးရှားနိုင်ငံသားတစ်ဦး သေဆုံးကြောင်းလည်း နယူးဇီလန် အစိုးရက အတည်ပြုထုတ်ပြန်ထားသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် ခရီးသွားများ သေဆုံးရမှုကို အစိုးရက အသေးစိတ် စုံစမ်းစစ်ဆေးသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။ မီးတောင်ပေါက်ကွဲချိန်တွင် ကျွန်းဖြူပေါ်၌ လူ ၄၇ ဦး ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ကျွန်းဖြူပေါ်၌ မီးတောင်ပြာမှုန့်များဖြင့် ဖုံးလွှမ်းနေပြီး ရှာဖွေရေးအဖွဲ့များသည် ဝေဟင်မှသာ ရှာဖွေနိုင်ပြီး မြေပြင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ ကျွန်းပေါ် မတက်နိုင်သေးကြောင်း သိရသည်။ မီးတောင်သည် ရေနွေးငွေ့များ၊ ရွှံ့ရည်များကို ဆက်လက်မှုတ်ထုတ်နေသလို၊ လာမည့်ရက်ပိုင်းအတွင်း ထပ်မံပေါက်ကွဲနိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိကြောင်း နယူးဇီလန် ဘူမိသိပ္ပံအဖွဲ့ကလည်း သတိပေးထားသဖြင့် မြေပြင်ကယ်ဆယ်ရေးအဖွဲ့များကို ကျွန်းပေါ်သို့ မလွှတ်သေးရန် အာဏာပိုင်များက ဆုံးဖြတ်ထားသည်။

ကျွန်းပေါ်တွင် အန္တရာယ်ကင်းသည့် အနေအထားမျိုးရောက်မှသာ ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဘရုစ် ဘာ့ဒ်က ပြောသည်။