၂၀၁၉ ခုနှစ်အတွင်း အန္တရာယ်ရှိသော နေရာများတွင် သတင်းရယူရင်း အသတ်ခံခဲ့ရသည့် သတင်းမီဒီယာသမား ၄၉ ဦးရှိခဲ့ကြောင်း နိုင်ငံတကာသတင်းသမားအဖွဲ့ချုပ်က ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုနှစ်အတွင်း အသတ်ခံခဲ့ရသည့် သတင်းမီဒီယာသမားဦးရေသည် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း သတင်းမီဒီယာသမား ၉၅ ဦး အသတ်ခံခဲ့ရသည်။ အသတ်ခံရသည့် သတင်းမီဒီယာသမားဦးရေ ကျဆင်းရသည့် အဓိကအချက်မှာ အစိုးရများက သတင်းသမားများကို ပိုမိုအကာအကွယ်ပေးနေသောကြောင့်မဟုတ်ဘဲ သတင်းသမားများသည် အန္တရာယ်များလွန်းသော နေရာများကို ရှောင်ရှားနေခြင်းကြောင့်ဖြစ်ကြောင်း အဖွဲ့ချုပ်က ပြောဆိုခဲ့သည်။
သတင်းသမားများ ပိုမိုသတိထားနေရခြင်း၏ဆိုးကျိုးမှာ အများပြည်သူသည် လူအများအပြားသေဆုံးစေသည့် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ သိရှိခွင့်နည်းပါးသွားခြင်းဖြစ်သည်။ ထို့ပြင် အီရတ်နှင့် ဆီးရီးယားတို့၌ တိုက်ခိုက်မှုအရှိန်ကျဆင်းသွားခြင်းကြောင့်လည်း သေဆုံးသည့် သတင်းသမားဦးရေကျဆင်းစေသည့် အချက်တစ်ချက်ဖြစ်သည်။
အသတ်ခံရသည့် သတင်းသမားဦးရေကျဆင်းသွားခြင်းကို ကြိုဆိုသော်လည်း ပဋိပက္ခများကို သတင်းရယူမှုနည်းသွားသည့်အချက်ကြောင့် စိတ်မကောင်းဖြစ်မိကြောင်း အဖွဲ့ချုပ်၏ လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာဌာနခွဲအကြီးအကဲ အန့်စ် ဆာဂါဂါက ပြောဆိုခဲ့သည်။
မက္ကဆီကိုသည် သတင်းမီဒီယာသမားများအတွက် အန္တရာယ်အရှိဆုံးနေရာဖြစ်ပြီး ယခုနှစ်အတွင်း သတင်းသမား ၁၀ ဦးအသတ်ခံခဲ့ရသည်။ ယခုနှစ်အတွင်း လက်တင်အမေရိက၌ သတင်းသမား ၁၈ ဦး၊ အာရှပစိဖိတ်ဒေသ၌ ၁၂ ဦးနှင့် အာဖရိက၌ ကိုးဦးအသတ်ခံခဲ့ရသည်။ သတင်းသမား ၃၇ ဦးအသတ်ခံခဲ့ရသည့် ၂၀ဝ၀ ပြည့်နှစ်မှစ၍ ၂၀၁၉ ခုနှစ်သည် သတင်းသမားသေဆုံးသူအနည်းဆုံးနှစ်ဖြစ်ခဲ့သည်။

















