နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကိုအကြည်ညိုပျက်စေမှုတို့ဖြင့် တရားစွဲဆိုအပြစ်ပေးခံထားရသည့် ရခိုင်တိုင်းရင်းသားခေါင်းဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အတွက် ဥပဒေအရပေးထားသော နောက်ဆုံးအခွင့်အရေးဖြစ်သည့် အထူးအယူခံဝင်ခွင့်ရရှိရန် ၄င်းတို့၏ရှေ့နေများက နေပြည်တော်ရှိ ပြ ည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ ယနေ့ဒီဇင်ဘာ ၁၀ရက်က သွားရောက်လျှောက်လဲချက်တင်ခဲ့ကြသည်။
''အထူးအယူခံဝင်ခွင့် ပြုသင့်မပြုသင့်ကို ဒီနေ့လျှောက်လဲချက်တင်သွင်းရတာဖြစ်ပါတယ်''ဟု စာရေးဆရာဝေဟင်အောင်၏ရှေ့နေအဖြစ် ဆောင်ရွက်လျက်ရှိသော တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။
စာရေး ဆရာဝေဟင်အောင်ကို စစ်တွေခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်နှစ်၂၀၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဖြင့် ထောင်ဒဏ် နှစ်နှစ်အသီးသီးချမှတ်ထားခြင်းဖြစ်သည်။
အဆိုပါ ခရိုင်တရားရုံး၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အဆင့်ဆင့် အယူခံတက်ခဲ့သော်လည်း ပလပ်ခံခဲ့ရသောကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ တက်ရောက်လာခြင်းဖြစ်ကြောင်း ဒေါ်အေးနုစိန်က ဆိုသည်။
''ခရိုင်တရားရုံးကချမှတ်ထားတဲ့ အမိန့်တစ်ခုနဲ့ပတ်သက်ပြီး အကြောင်းခြင်းရာအားဖြင့်၊ ဥပဒေအားဖြင့် ညီမညီဆို တာကို ဒီရုံးထက်အဆင့်မြင့်တဲ့ရုံးတစ်ရုံးက ကြားနာစစ်ဆေးဆုံးဖြတ်ခွင့် မရရှိသေးတာကြောင့် အထူးအယူခံဝင်ခွင့်ကို တင် သွင်းလျှောက်ထားရတာဖြစ်ပါတယ်''ဟု ၄င်းက ပြောကြားသည်။
၄င်း၏အမှုသည်နှင့်ပတ်သက်ပြီး အဆင့်အမြင့်ဆုံးတရားရုံး ရုံးတော်၏ ကြားနာစိစစ်ဆုံးဖြတ်ခွင့်ကို ရရှိလိုသည့်အတွက် လျှောက်ထားမှုကိုလက်ခံပြီး အယူခံဝင်ခွင့်ကိုလည်း ဝင်ခွင့်ပြုသ င့်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
ဒေါက်တာအေးမောင်၏ရှေ့နေအဖြစ်ဆောင်ရွက်လျက်ရှိသော ဦးအောင်ကျော်စိန်ကလည်း ၄င်း၏အမှု သည်အတွက် ဥပဒေအရပေးအပ်ထားသည့် နောက်ဆုံးအခွင့်အရေးကိုရရှိရန် အထူးအယူခံဝင်ခွင့်ကို လာရောက်လျှောက်လဲ ချက်တင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
''ဥပဒေမှာပါတဲ့အတိုင်း အထူးအယူခံခွင့်ကို လျှောက်ထားရတာဖြစ်ပါတယ်။ ဒါဟာ နောက်ဆုံးအခွင့်အရေးပါပဲ''ဟု ၎င်းက ပြောသည်။
စစ်တွေခရိုင်တရားရုံး၏ ဒေါက်တာအေးမောင်အပေါ် သုံးသပ်ချက်(၃)ချက်နှင့်ပတ်သက်ပြီး အမြင့်ဆုံးတရားရုံးတွင် ပြန်လည်ကြားနာစစ်ဆေးဆုံးဖြတ်ခွင့်ရရန် ၄င်းကကြိုးပမ်းခြင်းဖြစ်သည်။
နိုင်ငံတော်ပုန်ကန်မှုဖြင့် အပြစ်ပေးခြင်းသည် ဥပဒေနှင့်ညီ၊ မညီ အမြင့်ဆုံးရုံးတော်၏ ပြန်လည်ကြားနာစစ်ဆေးဆုံး ဖြတ်ခွင့်ရလိုသည်ဟု ဆိုသည်။
တရားစွဲအဖွဲ့အစည်းက ဟောပြောချက်များကို တယ်လီဖုန်းဖြင့်အသံဖမ်းယူထားသည်ဟုဆိုသော်လည်း တရားရုံးသို့ သက်သေခံတင်သွင်းရာတွင်မူ CDခွေတစ်ချပ်ကိုသာတင်သွင်းခဲ့ပြီး တရားရုံးကလည်း အဆိုပါCDခွေကိုမူရင်းအဖြစ် ကောက် ယူသုံးသပ်ကာ စီရင်ခဲ့ခြင်းကြောင့် ထိုအချက်ကိုလည်း ပြန်လည်ကြားနာစစ်ဆေးခွင့်ရလိုကြောင်း ၄င်းကဆိုသည်။
၄င်းတို့၏ လျှောက်လဲချက်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်သင့်ခံ/မခံသိရရန် နှစ်လခန့်စောင့်ဆိုင်းရနိုင်ကြောင်း ဦးအောင်ကျော်စိန်က ပြောသည်။
















