ဗီယက်နမ်ရှိ မိန်းကလေးများ ပညာဆက်သင်ရန် မီရှဲအိုဘားမားနှင့် ဂျူလီယာရောဘတ်စ်တိုက်တွန်း

ဗီယက်နမ်ရှိ မိန်းကလေးများ ပညာဆက်သင်ရန် မီရှဲအိုဘားမားနှင့် ဂျူလီယာရောဘတ်စ်တိုက်တွန်း

အမေရိကန်သမ္မတကတော်ဟောင်း မီရှဲအိုဘားမားနှင့် ဟောလီးဝုဒ်ထိပ်တန်းသရုပ်ဆောင် ဂျူလီယာ ရောဘတ်စ်တို့သည် ဗီယက်နမ်နိုင်ငံ ကျေးလက်ရှိ အထက်တန်းကျောင်းတစ်ကျောင်းသို့ ဒီဇင်ဘာ ၉ ရက်တွင် သွားရောက်ခဲ့ပြီး မိန်းကလေးများအနေဖြင့် ဘဝတိုးတက်ကောင်းမွန်ရန်အတွက် ပညာဆက်လက်သင်ယူရန် တိုက်တွန်းပြောဆိုခဲ့သည်။

ဘားရက်အိုဘားမား သမ္မတသက်တမ်းကုန်ဆုံးပြီးနောက်တွင် အိုဘားမားဇနီးမောင်နှံသည် ၎င်းတို့တည်ထောင်ထားသည့် အိုဘားမားဖောင်ဒေးရှင်းမှတစ်ဆင့် ပရဟိတအလုပ်များ အထူးသဖြင့် မိန်းကလေးများ ပညာသင်ယူခွင့်ရရှိရေးအတွက်ကိုသာ အဓိကထား လုပ်ဆောင်ခဲ့သည်။

မိန်းကလေးတစ်ဦးအား ပညာသင်ကြားပေးလိုက်ပါက ယင်းမိန်းကလေးကို ၎င်း၏ရပိုင်ခွင့်များနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခွင့်ပေးလိုက်ခြင်းဖြစ်ပြီး ယင်းမိန်းကလေး၏ ဘဝ၊ ယင်းမိန်းကလေး၏မိသားစုဘဝ၊ ရပ်ကွက်အကျိုးစီးပွားတို့ကိုပါ တစ်ပါတည်း တိုးတက်အောင် လုပ်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း မီရှဲအိုဘားမားက မဲခေါင်မြစ်ဝှမ်းဒေသ လောင်အန်းခရိုင် ကန် ဂီယော့ အထက်တန်းကျောင်း၌ ပြောဆိုခဲ့သည်။

မီရှဲနှင့်အတူ ဂျူလီယာ ရောဘတ်စ်၊ သမ္မတဟောင်း ဂျော့ဂျ်ဒဗလျူဘုရှ်၏ သမီး ဂျန်နာ ဘုရှ် ဟာဂါတို့လည်း လိုက်ပါလာခြင်းဖြစ်သည်။ လူငယ်ဦးရေ များပြားလာခြင်းနှင့် စီးပွားရေးလျှင်မြန်စွာတိုးတက်လာခြင်းတို့ရှိနေသည့် ဗီယက်နမ်သည် ပညာရေး အထူးသဖြင့် သင်္ချာနှင့် သိပ္ပံတို့နှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများထက် ပိုမိုထူးချွန်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။

ကျောင်းအပ်နှံမှုနှုန်းသည်လည်း ၉၁ ဒသမ ၇ ရာခိုင်နှုန်းအထိရှိနေသော်လည်း ကျေးလက်ဒေသများတွင်မူ ပညာရေးအရည်အသွေးကောင်းမွန်မှုမရှိခြင်းနှင့် စီးပွားရေးအခြေအနေကြောင့် မိန်းကလေးများ ကျောင်းထွက်ရခြင်းတို့ရှိနေသည်။

မီရှဲအိုဘားမား စာသင်ကျောင်းသို့လာရောက်မှုကြောင့် စိတ်ခွန်အားရကြောင်း ကျောင်းသူ ထရူယွန် သီ ဟိုင် ယန်ကပြောဆိုခဲ့သည်။ ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရရှိသော မီရှဲသည် ၎င်း၏နာမည်ကျော် Becoming စာအုပ်တွင် ပညာရေးနှင့် ဆရာကောင်းများကြောင့် အောင်မြင်သော ရှေ့နေ၊ တက္ကသိုလ်အုပ်ချုပ်ရေးအရာရှိနှင့် အမျိုးသမီးအရေးလှုပ်ရှားသူဘဝကိုရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည့်ပြည့်စုံစုံဖော်ပြထားသည်။

အိုဘားမားဇနီးမောင်နှံသည် အိုဘားမား ဖောင်ဒေးရှင်းလက်အောက်ရှိ မိန်းကလေးများ အခွင့်အရေးမဟာမိတ်ရှေ့ဆောင်အဖွဲ့မှတစ်ဆင့် ဗီယက်နမ်ရှိ မိန်းကလေးများ ပညာသင်ယူခွင့်ရရှိရေးကို ဆောင်ရွက်နေသည်။ စာအုပ်အတွက်ရရှိသော ငွေများအနက် ဒေါ်လာ ၅၀ဝ၀ဝ၀ကို ရှေ့ဆောင်အဖွဲ့သို့ လှူဒါန်းကြောင်း မီရှဲက လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။