သြစတြီးယား စာရေးဆရာ ပီတာ ဟန်ကယ်အား ၂၀၁၉ ခုနှစ် စာပေနိုဘယ်လ်ဆု ချီးမြှင့်ခြင်းကို ကန့်ကွက်သောအားဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် စတော့ဟုမ်း၌ ကျင်းပသည့် နိုဘယ်လ်ဆု ချီးမြှင့်ပွဲကို တက်ရောက်မည်မဟုတ်ကြောင်း ကိုဆိုဗိုနှင့် အယ်ဘေးနီးယား အစိုးရများက ထုတ်ပြန်ထားကြသည်။
ဟန်ကယ်သည် ၁၉၉၀ ပြည့်နှစ်များက ကိုဆိုဗိုစစ်ပွဲအတွင်း ဆားဘီးယားကို နေတိုးက လေကြောင်းတိုက်ခိုက်ခြင်းကို ဆန့်ကျင်ပြောဆိုသူဖြစ်သလို၊ ၂၀ဝ၆ ခုနှစ်ကလည်း ဆားဘီးယား အာဏာရှင်ခေါင်းဆောင် ဆလိုဘိုဒန် မီလိုဆယ်ဗစ်၏ အသုဘအခမ်းအနားသို့ တက်ရောက်ကာ ဝမ်းနည်းစကားပြောကြားခဲ့မှုကြောင့် ကိုဆိုဗိုနှင့် ဆားဘီးယားတို့က ဟန်ကယ်ကို မနှစ်သက်ကြပေ။ ၁၉၉၉ ခုနှစ်တွင် မီလိုဆယ်ဗစ်ကို တားဆီးရန် နေတိုးက ကြားဝင်ခဲ့ချိန်က ကိုဆိုဗိုသည် ဆားဘီးယား၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
မီလိုဆယ်ဗစ်ကို ထောက်ခံသည့် စာရေးဆရာကို အသိအမှတ်မပြုနိုင်ကြောင်း၊ နိုဘယ်လ်ဆုပေးပွဲကို မတက်ရောက်ဘဲ သပိတ်မှောက်ရန် ဆွီဒင်ရှိ သံအမတ်ကို ညွှန်ကြားထားကြောင်း ကိုဆိုဗို နိုင်ငံခြားရေးဝန်ကြီး ဘယ်ဂျတ် ပါဆိုလီက ပြောသည်။ ကိုဆိုဗို အယ်ဘေးနီးယားနွယ်များနှင့် တစ်စိတ်တည်းဖြစ်ကြောင်း ပြသသည့်အနေဖြင့် ဆွီဒင်တွင် ဒီဇင်ဘာ ၁၀ ရက်၌ ကျင်းပမည့် နိုဘယ်လ်ဆုပေးပွဲကို မိမိတို့ သံအမတ် တက်ရောက်မည်မဟုတ်ကြောင်း အယ်ဘေးနီးယားကလည်း ကြေညာထားသည်။ ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲသည့်ကာလအတွင်း ဘော်လ်ဂန်တွင် သွေးမြေကျမှု အများအပြား ကျူးလွန်ခဲ့သည့် မီလိုဆယ်ဗစ်ကို ထောက်ခံသည့် စာရေးဆရာ ဟန်ကယ်ကို အသိအမှတ်မပြုနိုင်ကြောင်း အယ်ဘေးနီးယားကလည်း ထုတ်ပြန်ထားသည်။
၁၉၉၈ - ၁၉၉၉ စစ်ပွဲကာလအတွင်း လူတစ်သောင်းကျော် သေဆုံးခဲ့သည်။ နေတိုးအဖွဲ့က ၇၈ ရက်ကြာ လေကြောင်းထိုးစစ်ကြောင့် ကိုဆိုဗိုတွင် ဆာ့ဘ်များ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီးနောက် ကုလသမဂ္ဂက ကိုဆိုဗိုကို ၂၀ဝ၈ ခုနှစ်ထိ ကြားဝင်အုပ်ချုပ်ပေးခဲ့သည်။ ၂၀ဝ၈ ခုနှစ်တွင် ကိုဆိုဗိုသည် ဆားဘီးယားလက်အောက်မှ ခွဲထွက်ကာ လွတ်လပ်ရေးကြေညာခဲ့ပြီး ဆားဘီးယားကမူ လက်ရှိအချိန်ထိ အသိအမှတ်မပြုသေးပေ။
ပြီးခဲ့သည့်နှစ်က ကိုဆိုဗိုသည် ဆားဘီးယားဘက်မှ ကုန်စည်အားလုံးကို သွင်းကုန်ခွန် ၁၀ဝ ရာခိုင်နှုန်း ကောက်ခံသဖြင့် ဒေသတွင်း တင်းမာမှုများလည်း မြင့်တက်လျက်ရှိသည်။

















