ယူကရိန်း အရှေ့ပိုင်း ခွဲထွက်ရေးဒေသတွင် အပစ်အခတ်ရပ်စဲရန် ယူကရိန်းနှင့်ရုရှား သဘောတူ

ယူကရိန်း အရှေ့ပိုင်း ခွဲထွက်ရေးဒေသတွင် အပစ်အခတ်ရပ်စဲရန် ယူကရိန်းနှင့်ရုရှား သဘောတူ

၂၀၁၉ နှစ်ကုန်တွင် ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးဒေသ၌ အပြည့်အဝ အပစ်အခတ်ရပ်စဲရန် ယူကရိန်းနှင့် ရုရှားတို့ သဘောတူညီချက် ရယူနိုင်ခဲ့ကြောင်း သိရသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးတို့ ဒီဇင်ဘာ ၉ ရက်က ပါရီမြို့တွင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကာ သဘောတူညီချက် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းအစိုးရတပ်များနှင့် ရုရှား ကျောထောက်နောက်ခံပေးထားသော ယူကရိန်း ခွဲထွက်ရေးတပ်ဖွဲ့များကြား ငါးနှစ်ခွဲကြာ တိုက်ပွဲများကြောင့် လူပေါင်း ၁၃၀ဝ၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။ ယူကရိန်းနှင့် ရုရှားကြား ပြင်သစ်နှင့် ဂျာမနီတို့က ကြားခံစေ့စပ်ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်း အကျဉ်းသားများ အပြန်အလှန် လဲလှယ်ခဲ့ကြသလို၊ ယူကရိန်း အစိုးရတပ်များသည်လည်း ရှေ့တန်း အဓိကနေရာ သုံးခုမှ တပ်များရုပ်သိမ်းပေးခဲ့ကာ ခွဲထွက်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် နိုင်ငံအရှေ့ပိုင်းတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် စီစဉ်ခဲ့သည်။ တိုက်ပွဲများနှင့် ဆက်စပ်ပြီး ထိန်းသိမ်းထားသူ အားလုံးကို နှစ်ဖက်စလုံးက နှစ်ကုန်နောက်ဆုံးထားပြီး ပြန်လွှတ်ပေးရန်လည်း ယူကရိန်းနှင့် ရုရှားသမ္မတနှစ်ဦး သဘောတူခဲ့ကြသည်။

ယူကရိန်းအရှေ့ပိုင်း နောက်ထပ်ဒေသ သုံးခုမှ အစိုးရနှင့် ခွဲထွက်ရေး လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ၂၀၂၀ မတ်လ နောက်ဆုံးထားပြီး ရုပ်သိမ်းရန်လည်း နှစ်ဖက်သဘောတူညီထားကြသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက်အသက်သွင်းနိုင်ရန် လာမည့် လေးလအတွင်း နောက်ထပ် ဆွေးနွေးပွဲများလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲကို ပြင်သစ် သမ္မတနန်းတော်တွင် ကျင်းပခဲ့ပြီး ပြင်သစ် သမ္မတ အီမန်နျူရယ် မာခရွန်၊ ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်တို့က ကြားခံစေ့စပ်ပေးခဲ့ကာ ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခ ပြေလည်ရေး ကြီးမားသော အောင်မြင်မှုဖြစ်သည်ဟု ရုရှားသမ္မတ ပူတင်က ဆိုထားသည်။

ယူကရိန်းပိုင်နက်ကို ထိုးအပ်ရသည့် နည်းလမ်းမျိုးဖြင့် ငြိမ်းချမ်းရေး ရယူရန်မူ အစီအစဉ်မရှိကြောင်း သမ္မတ ဇီလန်းစကီးက ပြောသည်။ ဇီလန်းစကီးသည် ဟာသသရုပ်ဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံအရှေ့ပိုင်းတွင် ငြိမ်းချမ်းရေးထူထောင်မည့်ကတိဖြင့် ဧပြီလ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သူဖြစ်သည်။