လူ ၃၈ ဦး လိုက်ပါသွားသော ချီလီလေယာဉ် ပျောက်ဆုံးနေသဖြင့် အန္တာတိကတစ်ခွင် ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိ

လူ ၃၈ ဦး လိုက်ပါသွားသော ချီလီလေယာဉ် ပျောက်ဆုံးနေသဖြင့် အန္တာတိကတစ်ခွင် ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိ

အန္တာတိက သိပ္ပံသုတေသနအခြေစိုက်စခန်းသို့အသွား လမ်းတစ်ဝက်တွင် အဆက်အသွယ်ပြတ်ကာ ဒီဇင်ဘာ ၉ ရက်က ပျောက်ဆုံးခဲ့သော ချီလီ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ချီလီနှင့် နိုင်ငံတကာအဖွဲ့များ ပူးပေါင်းကာ အန္တာတိကတစ်ခွင် ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။

လေယာဉ်ပေါ်တွင် လူ ၃၈ ဦး လိုက်ပါသွားကြောင်း ချီလီ စစ်တပ်မှ ဗိုလ်ချုပ် အယ်ဒူရာဒို မော့စ်ကွာရာက ပြောသည်။ ဥရုဂွေး၊ အာဂျင်တီးနား၊ ဘရာဇီးနှင့် အမေရိကန်တို့ကလည်း ရှာဖွေရေး လေယာဉ်များ ကူညီထားပြီး ပျောက်ဆုံးလေယာဉ်နှင့် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့သည့်နေရာတစ်ဝိုက်ကို အဓိကထားကာ စုစုပေါင်း လေယာဉ် ၁၃ စင်းအပြင် သင်္ဘောများဖြင့်ပါ ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိသည်။

စီ-၁၃၀ ဟာကျူလီ လေယာဉ်သည် လေယာဉ်အမှုထမ်း ၁၇ ဦး၊ ခရီးသည် ၂၁ ဦး တင်ဆောင်ကာ ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက နိုင်ငံတောင်ပိုင်း ပန်တာ အရီနာမြို့မှ ပျံတက်ခဲ့ပြီး ညနေ ၆ နာရီ ၁၃ မိနစ်တွင် အဆက်အသွယ်ပြတ်တောက်သွားခြင်း ဖြစ်သည်။ လေယာဉ်သည် အရေးပေါ် အန္တရာယ်အချက်ပေး သင်္ကေတများလည်း ထုတ်လွှင့်ခြင်းမရှိဘဲ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ လေယာဉ်သည် အန္တာတိကရှိ ချီလီ အခြေစိုက်စခန်း၌ အထောက်အကူပြု ပစ္စည်းများနှင့် လောင်စာပိုက်လိုင်းများကို စစ်ဆေးရန် အဖွဲ့ဝင်များကို တင်ဆောင်ပျံသန်းသွားခြင်း ဖြစ်သည်။

ချီလီ သမ္မတ ဆီဘတ်ရှန် ပီညဲရာကလည်း ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့်အတူ လေတပ်ဌာနချုပ်တွင် တွေ့ဆုံကာ အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း တွစ်တာမှတစ်ဆင့် ထုတ်ပြန်ထားသည်။ လေယာဉ်မှူးနှစ်ဦးသည် အတွေ့အကြုံရင့်ကျက်သူများဖြစ်ပြီး လေယာဉ်ကို ၁၉၇၈ ခုနှစ်က တည်ဆောက်ခဲ့သည့်တိုင် ပုံမှန်ပြုပြင်ထိန်းသိမ်းသဖြင့် ကောင်းမွန်နေဆဲဖြစ်ကာ ထိုလေယာဉ်သည် ထိုလမ်းကြောင်းကို လစဉ်ပျံသန်းနေကျဖြစ်ကြောင်း ချီလီ လေတပ်က ထုတ်ပြန်အသိပေးသည်။

ချီလီသည် အန္တာတိကတွင် သိပ္ပံအခြေစိုက်စခန်း တည်ထောင်ထားပြီး ရာသီဥတုပြောင်းလဲမှုနှင့် ဆေးဝါးများဆိုင်ရာ သုတေသနများ ပြုလျက်ရှိကာ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်များသည် အခြေစိုက်စခန်းနှင့် ချီလီကို ချိတ်ဆက်ပေးထားသည့် တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည်။