နယူးဇီလန်နိုင်ငံ ကျွန်းဖြူ မီးတောင်ကျွန်းသည် ဒီဇင်ဘာ ၉ ရက်က ပေါက်ကွဲကာ လူ ၁၃ ဦးခန့် သေဆုံးကြောင်း ကနဦး အတည်ပြုထားပြီး ယင်းမီးတောင်သည် ဒီဇင်ဘာ ၁၁ ရက်ထိ ရေခိုးများ၊ ပြာမှုန်များ ဆက်လက်မှုတ်ထုတ်နေဆဲဖြစ်သောကြောင့် ကျွန်းပေါ်တက်ရန် အန္တရာယ်များသဖြင့် သေဆုံးသူ ရုပ်အလောင်းများ သွားရောက်ရှာဖွေသယ်ဆောင်ရေးကို ဆိုင်းငံ့ထားရဆဲဖြစ်ကြောင်း သိရသည်။
ကျွန်းဖြူ မီးတောင်ကျွန်းကို ဒေသခံ မော်ရီ တိုင်းရင်းသားများက ဝါကာရီဟု ခေါ်တွင်ပြီး ရေအောက်မီးတောင်ကြီး၏ ထိပ်ဝလည်းဖြစ်ကာ နယူးဇီလန် ပင်မ မြောက်ပိုင်းကျွန်းမကြီးမှ မိုင် ၃၀ အကွာတွင် တည်ရှိသည်။ ရေခိုးများ၊ ပြာမှုန်များ ဆက်လက်မှုတ်ထုတ်နေခြင်းကို ကြည့်ခြင်းဖြင့် မီးတောင်အတွင်း ဓာတ်ငွေ့တွန်းကန်အားကောင်းနေဆဲဖြစ်ပြီး လာမည့် ၂၄ နာရီအတွင်း အကြီးစား ပေါက်ကွဲမှုမျိုး ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိကြောင်း နယူးဇီလန် ဘူမိလေ့လာရေးအဖွဲ့ GeoNet က မြေလွှာလှုပ်ရှားမှု တိုင်းတာချက်များပေါ်မူတည်၍ သတိပေးထားသည်။
ကျွန်းဖြူ မီးတောင်မှ ရေခိုးများ၊ ပြာမှုန်များ ဒီဇင်ဘာ ၉ ရက်က မှုတ်ထုတ်မှုကြောင့် ကျွန်းပေါ် ရောက်ရှိနေသော ခရီးသွား ၄၀ ကျော်အနက် ခြောက်ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး၊ နောက်ထပ်ရှစ်ဦး၏ ရုပ်အလောင်းများသည်လည်း ကျွန်းပေါ်ရှိ ပြာမှုန်များအောက်တွင် ရှိနေနိုင်ကြောင်း ခန့်မှန်းထားသည်။
လူ ၃၀ ကျော် သက်ရှင်လွတ်မြောက်ခဲ့သော်လည်း ဆေးရုံတင်ကုသထားရပြီး ၂၅ ဦးသည် မီးလောင်ဒဏ်ရာများ ပြင်းထန်သဖြင့် စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း သိရသည်။
ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များ ကျွန်းဖြူပေါ်သို့ စေလွှတ်ရန် အန္တရာယ်အလွန်များသဖြင့် ဆိုင်းငံ့ထားရဆဲဖြစ်ကြောင်း ယာယီ ဒုတိယရဲကော်မရှင်နာမင်းကြီး ဘရုစ် ဘာ့ဒ်က ပြောသည်။ မီးတောင်ကျွန်းပေါ်ရှိ ဓာတ်ငွေ့အဆင့်ကို တိုင်းတာရန် မောင်းသူမဲ့ ဒရုန်းတစ်စင်း စေလွှတ်ထားကြောင်းလည်း ဘာ့ဒ်က ပြောသည်။
မီးတောင်မှ ရေခိုးနှင့် ပြာမှုန်များ မှုတ်ထုတ်သည့်အချိန်တွင် ကျွန်းပေါ်၌ ခရီးသွား ၄၇ ဦးရှိကြောင်း၊ သြစတြေးလျ ၂၄ ဦး၊ အမေရိကန် ကိုးဦး၊ နယူးဇီလန် ငါးဦးနှင့် ဂျာမနီ၊ ဗြိတိန်၊ တရုတ်၊ မလေးရှားတို့မှ ခရီးသွားများလည်း ပါဝင်ကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

















