အမေရိကန်အစိုးရ၏ငွေများကြောင့် အာဖဂန်နစ္စတန်၌ ခြစားမှုထူပြောခဲ့ရကြောင်း အာဖဂန်သမ္မတဟောင်း ကာဇိုင်းပြောဆို

အမေရိကန်အစိုးရ၏ငွေများကြောင့် အာဖဂန်နစ္စတန်၌ ခြစားမှုထူပြောခဲ့ရကြောင်း အာဖဂန်သမ္မတဟောင်း ကာဇိုင်းပြောဆို

အမေရိကန်အစိုးရသည် လွန်ခဲ့သော ဆယ်စုနှစ်ခုအတွင်း အာဖဂန်နစ္စတန်၌ ဒေါ်လာသန်းရာပေါင်းများစွာကို တာဝန်ယူမှု၊ တာဝန်ခံစေမှုမရှိဘဲ သုံးစွဲခဲ့သည့်အတွက် အာဖဂန်နစ္စတန်တွင် အကျင့်ပျက်ခြစားမှုထူပြောခဲ့ရခြင်းဖြစ်ကြောင်း အာဖဂန်သမ္မတဟောင်း ဟာမစ် ကာဇိုင်းက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောဆိုခဲ့သည်။

အမေရိကန်အစိုးရအဆက်ဆက်သည် အာဖဂန်ရှိ စစ်ပွဲနှင့်ပတ်သက်၍ အမေရိကန်ပြည်သူများကို လှည့်စားခဲ့ကြောင်း မကြာသေးမီတွင် ထုတ်ပြန်ခဲ့သည့် မှတ်တမ်းများ၌ ဖော်ပြထားခြင်းနှင့်ပတ်သက်၍ ကာဇိုင်းက တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဖဂန်သမ္မတအဖြစ် ၁၄ နှစ်တာဝန်ထမ်းဆောင်ခဲ့သည့် ကာဇိုင်းသည် ပတ်သက်ရာပတ်သက်ကြောင်းများကို ကြီးပွားချမ်းသာစေခဲ့သည့် အစိုးရတစ်ရပ်ကိုဦးဆောင်ခဲ့သူဖြစ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကာဇိုင်းက ၎င်းအနေဖြင့် အမှားကျူးလွန်ခြင်းမရှိခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း ၎င်း၏အစိုးရလက်ထက်တွင် အစိုးရအရာရှိများ ခြစားမှုနှင့်ပတ်သက်၍မူ ငြင်းဆိုခြင်းမပြုခဲ့ချေ။

၂၀ဝ၁ ခုနှစ်တွင် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်များက တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ကာဇိုင်း သမ္မတဖြစ်လာခဲ့သည်။ အမေရိကန်အစိုးရအဆက်ဆက်သည် စစ်ပွဲတွင် အောင်မြင်ခဲ့ကြောင်း လိမ်လည်ပြီး ရှုံးနိမ့်မှုများကို ဖုံးဖိထားခဲ့ကြောင်း ဝါရှင်တန်ပို့စ်မှ ရရှိခဲ့သည့် မှတ်တမ်းများအရ သိရသည်။

နှစ်ပေါင်း ၁၈ နှစ်ကြာမြင့်ပြီး အမေရိကန်အစိုးရသည် အခွန်ဆောင်ပြည်သူများ၏ငွေ ဒေါ်လာ တစ်ထရီလီယံကို စစ်ပွဲအတွက် သုံးစွဲခဲ့ပြီးဖြစ်သော်လည်း တာလီဘန်များသည် ယခုအချိန်တွင် နိုင်ငံထက်ဝက်ခန့်ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

အမေရိကန်အစိုးရများသည် အကြမ်းဖက်မှုအပေါ် ဆင်နွှဲသည့် စစ်ပွဲအတွင်း ဒေါ်လာ သန်းရာပေါင်းများစွာကိုသုံးစွဲခဲ့ပြီး ယင်းငွေများသည် ကန်ထရိုက်တာများ၊ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများလက်ထဲသို့ရောက်ရှိသွားကာ အကျင့်ပျက်ခြစားမှုထူပြောလာစေခဲ့ကြောင်း ကာဇိုင်းကပြောဆိုခဲ့သည်။

အမေရိကန်သည် ငွေများစွာသုံးစွဲခဲ့သော်လည်း ယင်းငွေများကြောင့် အာဖဂန်နစ္စတန် အကျိုးမရှိခဲ့ကြောင်း ကာဇိုင်းကပြောဆိုခဲ့သည်။ အမေရိကန်အစိုးရအရာရှိများသည် အာဖဂန်နစ္စတန်အတွက် ငွေများစွာအသုံးပြုလျှင် အကျင့်ပျက်ခြစားမှုများရှိလာမည်ကို သိသိကြီးနှင့် ငွေများစွာသုံးစွဲခဲ့ခြင်းဖြစ်နိုင်ကြောင်း အမေရိကန်အခြေစိုက် ဝီလ်ဆင်ဌာနမှ အာရှအစီအစဉ်ရေးရာဌာနခွဲ ဒုတိယအကြီးအကဲ မိုက်ကယ် ကူဂဲမန်းက ပြောဆိုခဲ့သည်။