လက်ဝတ်ရတနာများဝယ်ယူမှု မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် တရားရုံး၌ ရှင်းလင်း

လက်ဝတ်ရတနာများဝယ်ယူမှု မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် တရားရုံး၌ ရှင်းလင်း

မိသားစုအပျော်ခရီးထွက်နေရာမှ မလေးရှားသို့ ရုတ်တရက်ပြန်ခဲ့ရသဖြင့် ဇနီးဖြစ်သူကို ချော့မော့ရန် ရင်းဂစ် ၄၆၆၃၃၀(၁၁၂၀၇၀ ဒေါ်လာ) တန်ဖိုးရှိ လက်ပတ်နာရီတစ်လုံးကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က တရားရုံး၌ ဒီဇင်ဘာ ၁၀ ရက်တွင် ဖြေရှင်းပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ဟာဝိုင်ယီ၌ Chanel လက်ပတ်နာရီကို ဇနီးဖြစ်သူ ရို့စ်မာ မန်ဆာကို လက်ဆောင်ပေးရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း နာဂျစ်က အကျင့်ပျက်ခြစားမှုဆိုင်ရာရုံးတင်စစ်ဆေးမှုအတွင်း ပြောဆိုခဲ့သည်။

မိသားစုနှင့်အတူ ၁၀ ရက်မှ နှစ်ပတ်အထိ အပန်းဖြေခရီးထွက်ရန် စီစဉ်ထားသော်လည်း မလေးရှား၌ ရေကြီးရေလျှံသည့်အတွက် ပြန်ခဲ့ရခြင်းဖြစ်ကြောင်း နာဂျစ်ကပြောဆိုခဲ့သည်။ နာဂျစ်သည် နိုင်ငံပိ်ုင်ရန်ပုံငွေ ဝမ်းအမ်ဒီဘီလက်အောက်ရှိ အက်စ်အာရ်စီရန်ပုံငွေထံမှ ရင်းဂစ် ၄၂ သန်းကို အလွဲသုံးစားလုပ်ပြီး ယင်းငွေများကို ၎င်း၏ဘဏ်စာရင်းထဲသို့ ပြောင်းလဲထည့်သွင်းခဲ့မှုအပါအဝင် ပြစ်မှုခုနစ်မှုတို့နှင့်ပတ်သက်၍ ခုခံပြောဆိုရန် အထက်ရုံးက ညွှန်ကြားထားသည်။

နာဂျစ်သည် အက်စ်အာရ်စီရန်ပုံငွေနှင့်ဆက်စပ်၍ ယုံကြည်မှုချိုးဖောက်မှုသုံးမှု၊ ငွေမည်းခဝါချမှုသုံးမှု၊ အာဏာအလွဲသုံးစားမှုတစ်မှုတို့ဖြင့် တရားစွဲဆိုခံထားရသည်။ နာဂျစ်၊ ၎င်းနှင့်ပတ်သက်သူများသည် ဝမ်အမ်ဒီဘီမှ ငွေသန်းပေါင်းများစွာကို အလွဲသုံးစားလုပ်ခဲ့ပြီး ယင်းငွေများဖြင့် တန်ဖိုးကြီးအိမ်ခြံမြေများ၊ အနုပညာလက်ရာပစ္စည်းများစွာ ဝယ်ယူခဲ့သည်။

အီတလီနိုင်ငံ ဆာဒီနီးယားရှိ လက်ဝယ်ရတနာအရောင်းဆိုင်တစ်ဆိုင်မှ တန်ဖိုးကြီးလက်ဝတ်ရတနာတစ်ခုဝယ်ယူမှုနှင့်ပတ်သက်၍လည်း နာဂျစ်သည် ဒီဇင်ဘာ ၉ ရက်တွင်လည်း ရှင်းလင်းပြောဆိုခဲ့ရသည်။ ၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်တွင် ကာတာဝန်ကြီးချုပ်၏ဇနီးအတွက် ရင်းဂစ် ၃၂၈၂၇၃၄ တန်ဖိုးရှိ လက်ဝတ်ရတနာတစ်ခုဝယ်ယူပေးခဲ့ရကြောင်း နာဂျစ်ကပြောဆိုခဲ့သည်။ မိသားစုနှင့်အတူသွားရောက်သည့် အီတလီခရီးစဉ်အတွင်း လက်ဆောင်ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယင်းခရီးစဉ်တွင် ကာတာဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မလေးရှားခရီးစဉ်အတွင်း ကာတာဝန်ကြီးချုပ်နှင့် ဇနီးက ၎င်းနှင့် ရို့စ်မာတို့အား ပေးခဲ့သည့် လက်ဆောင်ကို တုံ့ပြန်သည့်အနေဖြင့် အီတလီခရီးစဉ်တွင် လက်ဆောင်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း နာဂျစ်ကပြောဆိုခဲ့သည်။ အများပြည်သူပိုင်ငွေမသုံးဘဲ ကိုယ်ပိုင်ငွေစာရင်းကိုသုံးပြီး ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။