ဖိလစ်ပိုင်၌ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အလျှော့ပေးရန် လုံးဝမဖြစ်နိုင်ကြောင်း ယူတူးဂီတအဖွဲ့မှ အဆိုတော်ဖြစ်သလို ပရဟိတသမားလည်းဖြစ်သည့် ဘိုနိုက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ ၁၀ဝ၀ဝ၀ ကိုသတ်ဖြတ်ပြီး ၎င်းတို့၏ရုပ်အလောင်းများကို ငါးစာကျွေးပစ်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။ ထို့ပြင် လူ့အခွင့်အရေးဥပဒေများကိုလည်း အလေးထားမည်မဟုတ်ကြောင်း ၂၀၁၆ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ဒူတာတေးကပြောဆိုခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း မူးယစ်နှိမ်နင်းမှုကြောင့် အဖမ်းခံရလျှင် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်သောကြောင့် စိုးရိမ်စရာမရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။
ရော့ခ်အဆိုတော် ဘိုနိုသည် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏အဖွဲ့ဝင်ဖြစ်သလို ဒူတာတေး၏မူးယစ်နှိမ်နင်းရေးလုပ်ဆောင်မှုကို ဝေဖန်ခဲ့သူလည်းဖြစ်သည်။ သမ္မတဒူတာတေးသည် နာမည်ကျော်ကြားပြီးသူဖြစ်သောကြောင့် ၎င်းနှင့် တွေ့ဆုံရန် မရှိကြောင်း မနီလာ၌ ဒီဇင်ဘာ ၁၁ ရက်တွင် ဖျော်ဖြေခဲ့သည့် ဘိုနိုကပြောဆိုခဲ့သည်။
ယူတူးအဖွဲ့သည် ၂၀၁၉ အာရှခရီးစဉ်အတွက် လိုက်လံဖျော်ဖြေနေခြင်းဖြစ်ပြီး ဘရစ္စဘန်း၊ အဒဲလေး၊ မယ်လ်ဘုန်း၊ ဆစ္စနီ၊ ပါ့သ်၊ စင်ကာပူ၊ တိုကျိုနှင့် ဆိုးလ်တို့တွင်လည်း ဖျော်ဖြေခဲ့ပြီးဖြစ်သည်။
ဒူတာတေး၏မူးယစ်နှိမ်နင်းမှုအတွင်း ရောင်းချသူနှင့် သုံးစွဲသူ ၅၅၀ဝ ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုထားသော်လည်း စောင့်ကြည့်သူများကမူ သေဆုံးသူစာရင်းသည် ယင်းထက်လေးဆရှိနိုင်ကြောင်း ပြောဆိုခဲ့သည်။

















