နေရပ်စွန့်ခွာထွက်ပြေးလာသည့် ဟောင်ကောင်သားများအား လက်ခံမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြောဆို

နေရပ်စွန့်ခွာထွက်ပြေးလာသည့် ဟောင်ကောင်သားများအား လက်ခံမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြောဆို

ထိုင်ဝမ်အစိုးရသည် ဟောင်ကောင်ရှိ ဒီမိုကရေစီအရေးနှင့် လွတ်လပ်မှုတို့အတွက် တိုက်ပွဲဝင်နေသူများနှင့်အတူ ရပ်တည်ပြီး တရုတ်အစိုးရက ဆန္ဒပြမှုများကို အင်အားသုံးနှိမ်နင်းလာပါက ထွက်ပြေးတိမ်းရှောင်လာသည့် ဟောင်ကောင်သားများကိုလက်ခံကာ အကူအညီပေးမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက ဒီဇင်ဘာ ၁၀ ရက်တွင် အေပီသတင်းဌာနသို့ပြောဆိုခဲ့သည်။

ထိုင်ဝမ်အစိုးရသည် ဟောင်ကောင်၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိဘဲ ထိုင်ဝမ်သို့ တိမ်းရှောင်လာသည့် ဟောင်ကောင်သား ကျောင်းသားများနှင့် အခြားလူများအား ကူညီရန် လက်ရှိတွင် ဥပဒေပြဌာန်းထားပြီးဖြစ်ကြောင်း ဂျိုးဆက်ဝူကပြောဆိုခဲ့သည်။ တရုတ်ပြည်မကြီးမှ တပ်များ ဝင်ရောက်စွက်ဖက်လာပါက ဟောင်ကောင်တွင် အကြမ်းဖက်မှုသည် အဆင့်သစ်တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်ပြီး ယင်းအခါတွင် ထိုင်ဝမ်သည် ဟောင်ကောင်မှ တိမ်းရှောင်လာသူများအား အကူအညီပေးရန် ကွဲပြားသည့် ရပ်တည်ချက်တစ်ခုကို ကိုင်စွဲရတော့မည်ဖြစ်ကြောင်း ဝူကပြောဆိုခဲ့သည်။

တရုတ်အစိုးရက ဟောင်ကောင်သားများကို ဆက်ဆံပုံသည် တစ်ချိန်ချိန်တွင် ထိုင်ဝမ်သားများအား ဆက်ဆံပုံဖြစ်လာနိုင်သည်ကို ထိ်ုင်ဝမ်၌ နေထိုင်သူများ သိရှိနားလည်ထားကြောင်း ၎င်းကပြောဆိုခဲ့သည်။ ထိုင်ဝမ်သည်  တရုတ်ပြည်မကြီး၏ပိုင်နက်နယ်မြေတစ်ခုဖြစ်ပြီး တစ်ချိ်န်ချိန်တွင် ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းမည့် ဒေသဖြစ်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။

ဗြိတိန်ထံမှ ဟောင်ကောင်ကို လွှဲပြောင်းရယူခဲ့သည့် ၁၉၉၇ ခုနှစ်မှစ၍ ကျင့်သုံးခဲ့သည့် တစ်နိုင်ငံစနစ်နှစ်ခုအတိုင်း ထိုင်ဝမ်တွင်လည်း ကျင့်သုံးရန်ဖြစ်နိုင်ကြောင်း တရုတ်အစိုးရက အဆိုပြုထားပြီးဖြစ်သည်။ ဟောင်ကောင်ရှိ တစ်နိုင်ငံစနစ်နှစ်ခုကြောင့် ဟောင်ကောင်သည် များစွာထိခိုက်နစ်နာခဲ့ရကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ပြောဆိုထားပြီးဖြစ်သည်။

ထိုင်ဝမ်သား ၈၀ ရာခိုင်နှုန်းသည် တရုတ်နှင့်ပြန်လည်ပေါင်းစည်းမည်ကို မလိုလားကြောင်း ထိုင်ဝမ်အစိုးရက ယခုနှစ်အစောပိုင်းတွင်ပြုလုပ်သည့် စစ်တမ်း၌ ဖော်ပြထားသည်။