ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းမှ ဘူဂင်ဗီ ဒေသသည် ပါပူအာ နယူး ဂီနီနိုင်ငံအောက်မှ ခွဲထွက်ကာ လွတ်လပ်သော နိုင်ငံသစ် ထူထောင်ရန် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် ဒီဇင်ဘာ ၁၁ ရက်က ဆုံးဖြတ်အတည်ပြုလိုက်ကြောင်း သိရသည်။
မဲဆန္ဒရှင် ၉၈ ရာခိုင်နှုန်းထိက လွတ်လပ်သော နိုင်ငံသစ် ထူထောင်ရန် ဆန္ဒမဲပေးခဲ့ကြောင်း ဘူဂင်ဗီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဘာတီ ဟန်းက ထုတ်ပြန်ကြေညာသည်။ လွတ်လပ်သော နိုင်ငံသစ် ထူထောင်မည်လားနှင့် ပါပူအာ နယူး ဂီနီ လက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရပ်တည်မည်လားဟူသော မေးခွန်းနှစ်ခုအနက် လွတ်လပ်သော နိုင်ငံထူထောင်ရေးကို မဲဆန္ဒရှင် ၉၈ ရာခိုင်နှုန်းက ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ပြည်သူ့ဆန္ဒခံယူပွဲသည် ဥပဒေဖြင့် စည်းနှောင်သက်ရောက်မှုရှိသော ဆန္ဒခံယူပွဲ မဟုတ်သောကြောင့် ဘူဂင်ဗီသည် လွတ်လပ်ရေး ချက်ချင်းရနိုင်မည် မဟုတ်သော်လည်း ဘူဂင်ဗီခေါင်းဆောင်များသည် ပါပူအာ နယူး ဂီနီ အစိုးရနှင့် စေ့စပ်ဆွေးနွေးကာ လွတ်လပ်ရေး ရယူရန်အတွက် အဓိကတွန်းအားကြီးတစ်ရပ်အဖြစ် ရှိနေမည်ဖြစ်သည်။ လွတ်လပ်ရေး ပေးသင့် မသင့်ကို ပါပူအာ နယူးဂီနီ လွှတ်တော်ကသာ ဆုံးဖြတ်မည်ဖြစ်သည်။ လက်တွေ့ လွတ်လပ်သော နိုင်ငံသစ်တစ်ခု ထူထောင်နိုင်ရန် ဘူဂင်ဗီဒေသည် နောက်ထပ်နှစ်များစွာ ထပ်မံရုန်းကန်ရဦးဖွယ် ရှိသည်။
ပါပူအာ နယူးဂီနီ ဝန်ကြီးချုပ် ဂျိမ်းစ် မာရာပီ၏ ရုံးကမူ မှတ်ချက်ပေးခြင်း မရှိသေးကြောင်း တွေ့ရသည်။ ဘူဂင်ဗီ ပြည်သူ့ဆန္ဒခံယူပွဲ မဲထည့်ပွဲများကို သီတင်းနှစ်ပတ်ကြာ ပြုလုပ်ခဲ့ပြီး မဲပေးခွင့်ရှိသူ၏ ၈၅ ရာခိုင်နှုန်းထိ မဲထည့်ခဲ့ကြကာ အရေအတွက်အားဖြင့် မဲပေါင်း ၁၈၁ ဝ၀ဝ ဖြစ်ပြီး ၎င်းတို့အနက် ၉၈ ရာခိုင်နှုန်းက လွတ်လပ်သောနိုင်ငံ ထူထောင်ရေး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
လူပေါင်း ၁၅၀ဝ၀ ကျော် သေဆုံးခဲ့ရသော ပြည်တွင်းစစ် အဆုံးသတ်စေခဲ့သည့် ၂၀ဝ၁ ခုနှစ် ငြိမ်းချမ်းရေးသဘောတူချက်ထဲတွင် ဘူဂင်ဗီ၌ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပေးရမည့် အချက်လည်း ပါဝင်သည်။ ဘူဂင်ဗီရှိ ပန်ဂူနာဒေသ သတ္တုတွင်းများမှ ကြေးနီအများအပြား ထွက်ရှိပြီး ပါပူအာ နယူးဂီနီ အစိုးရအတွက် ဝင်ငွေ အများအပြား ရရှိသည့်တိုင် ဘူဂီနီ ဒေသသည် အကျိုးအမြတ်မခံစားရမှုကြောင့် ၁၉၈၀ နှောင်းပိုင်းက စတင်ကာ ဒေသခံများက အစိုးရကို ဆန့်ကျင်ခဲ့ကြပြီး ပြည်တွင်းစစ်အဆင့်ထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

















