Merriam-Webster အဘိဓာန် ၂၀၁၉ ခုနှစ် ကိုယ်စားပြု စကားလုံးအဖြစ် They ကို ရွေးချယ်

Merriam-Webster အဘိဓာန် ၂၀၁၉ ခုနှစ် ကိုယ်စားပြု စကားလုံးအဖြစ် They ကို ရွေးချယ်

အမေရိကန်အခြေစိုက် Merriam-Webster အဘိဓာန်က ၂၀၁၉ ခုနှစ်အတွက် ကိုယ်စားပြု စကားလုံးအဖြစ် They ဟူသော နာမ်စား စကားလုံးကို ရွေးချယ်လိုက်ကြောင်း သိရသည်။

They ဟူသည် ကျားမ လိင်ခွဲခြားခြင်း မရှိသော အများဆိုင် နာမ်စားဖြစ်ပြီး ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း မိမိကိုယ်ကိုယ် ကျား၊ မ လိင်တိတိကျကျ သတ်မှတ်ခံယူခြင်းမရှိသော တတိယလိင်များကို ရည်ညွှန်းရာတွင် They ဟူသော စကားလုံးကို အသုံးများလာကြောင်း Merriam-Webster အဘိဓာန်က ဖော်ပြသည်။ ထို့ကြောင့် အဘိဓာန်သည် They ကို အဓိပ္ပာယ်ဖွင့်သည့် စာကြောင်းသစ်တစ်ခုလည်း မကြာသေးခင်က ထပ်တိုးထည့်သွင်းခဲ့ပြီး ကျားမ လိင်ခွဲခြား ခံယူခြင်းမရှိသူများကို ရည်ညွှန်းသည့် နာမ်စား စကားလုံးအဖြစ်လည်း အသုံးပြုနိုင်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

Merriam-Webster အဘိဓာန်တွင် They ဟူသော စကားလုံးကို ၂၀၁၉ ခုနှစ်အတွင်း ရှာဖွေဖတ်ရှုမှု အရေအတွက်သည် ၂၀၁၈ ခုနှစ်ကထက် ၃၁၃ ရာခိုင်နှုန်း ပိုများလာကြောင်း အဘိဓာန် အယ်ဒီတာအဖွဲ့က ပြောသည်။ အင်္ဂလိပ်ဘာသာတွင် ကျားမ ခွဲခြားမှုမရှိသော တစ်ဦးဆိုင်နာမ်စား စကားလုံး သတ်သတ်မှတ်မှတ် မရှိသောကြောင့် တတိယလိင်အဖြစ် ခံယူထားသူများကို ရည်ညွှန်းရန် လိင်ခွဲခြားမှုမရှိသော အများဆိုင်နာမ်စား They ကိုသာ ယူငင်သုံးစွဲလာကြကာ They အကြောင်းကို စိတ်ဝင်တစား ရှာဖွေဖတ်ရှုသူလည်း အလွန်များလာသည့်အတွက် ၂၀၁၉ ခုနှစ် ကိုယ်စားပြု စကားလုံးအဖြစ် ရွေးချယ်ခြင်းဖြစ်ကြောင်း အဘိဓာန် အယ်ဒီတာအဖွဲ့က ပြောသည်။

Merriam-Webster အဘိဓာန်သည် ၂၀၁၈ ခုနှစ်က justice (တရားမျှတမှု) ၊ ၂၀၁၇ ခုနှစ်က feminism (အမျိုးသမီးဝါဒ) စကားလုံးကို ရွေးချယ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံတစ်ဝန်း လူစိတ်ဝင်စားမှု ဒုတိယအများဆုံးမှာ impeach (စွပ်စွဲပြစ်တင်သည်) ဟူသော စကားလုံးဖြစ်ကြောင်းလည်း Merriam-Webster အဘိဓာန် အယ်ဒီတာအဖွဲ့က ပြောသည်။ သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ဖြုတ်ချရန် အတိုက်အခံ ဒီမိုကရက်များက ကြိုးပမ်းနေမှုကြောင့် နိုင်ငံတစ်ဝန်း impeach ဟူသော စကားလုံးအဓိပ္ပာယ်ကို စိတ်ဝင်တစား ရှာဖွေလေ့လာသူ သိသိသာသာ တိုးလာသည်ကို တွေ့ရကြောင်း အယ်ဒီတာအဖွဲ့က Merriam-Webster အဘိဓာန်အွန်လိုင်းဝက်ဘ်ဆိုက်တွင် လူအများရှာဖွေမှု အချက်အလက်များကို ကိုးကား၍ ဖော်ပြသည်။