အိုင်စီဂျေက လွန်ဆွဲပွဲ

အိုင်စီဂျေက လွန်ဆွဲပွဲ

မြန်မာနိုင်ငံ၏ အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရကိုခုခံတွန်းလှန်ရန် လုပ်ဆောင်ချက်ဖြင့် ၁၉၉၁ ပြည့်နှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံခဲ့ရသည်။ အံ့သြစရာကောင်းလောက်အောင် ပြောင်းပြန်ဖြစ်နေသည်မှာ ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကိုကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)၏ ရှေ့မှောက်တွင် ခုခံကာကွယ်နေရသည်။

၂၀၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲကင်းများကို အာဆာအကြမ်းဖက်အဖွဲ့က အလစ်ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့မှုတွင် မွတ်စလင် လူနည်းစု (နိုင်ငံတကာကမူ ရိုဟင်ဂျာဟုအသိအမှတ်ပြုထားသည်) ခုနစ်သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ အစုလိုက်အပြုံလိုက်ထွက်ပြေးစေခဲ့သည်ဟု နိုင်ငံတကာက စွပ်စွဲသည်။ လူသားဖြစ်တည်မှုကိုမျက်ကွယ်ပြုသည့် လုပ်ရပ်မျိုးစုံကို တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများက ကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကတစိုက်မတ်မတ်ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်များအတွက် တပ်မတော်ခေါင်းဆာင်များကို အရေးယူအပြစ်ပေးနိုင်ရန် တစိုက်မတ်မတ် တောင်းဆိုခဲ့သည်။

မြန်မာခေါင်းဆောင်များကမူ အကြမ်းဖက်သူများကိုသာ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူနည်းစုမွတ်စလင်များအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းမရှိဟု တုံ့ပြန်ခဲ့သည်။ နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ရန်ကြိုးပမ်းမှုများကို ထိပ်တိုက်ဖြေရှင်းရန် မြန်မာအစိုးရသည် နှစ်အနည်းငယ်သာ ရှောင်လွှဲနိုင်ခဲ့သည်။

ဂမ်ဘီယာနိုင်ငံသည် နိုဝင်ဘာ ၁၁ ရက်တွင်လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကိုချိုးဖောက်မှုဖြင့် မြန်မာအစိုးရကို နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်မြို့ရှိ အိုင်စီဂျေတွင် စတင်တရားစွဲဆိုခဲ့သည်။ မြန်မာနိုင်ငံနှင့် မိုင် ၇çဝ၀ဝ ကျော် ဝေးကွာသည့် အနောက်အာဖရိက နိုင်ငံငယ်လေးဖြစ်သည့်တိုင် ကုလသမဂ္ဂ၏ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးနှင့် အပြစ်ပေးရေးစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံ ဖြစ်နေခြင်းက ဂမ်ဘီယာက မြန်မာနိုင်ငံအားစိန်ခေါ်ရန် အကြောင်းရင်း ဖြစ်စေခဲ့သည်။ အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သည့် အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)သည် ဂမ်ဘီယာ၏လုပ်ဆောင်ချက်ကို ထောက်ခံပေးခဲ့သည်။

မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက်က စတင်ကြားနာမှုနှင့်အတူ စွဲချက်များကို တရားဝင်တုံ့ပြန်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ရှေ့မှောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သခွားရောင် မြန်မာဝတ်စုံနှင့်ပုလဲများကို ဝတ်ဆင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဂမ်ဘီယာ၏လျှောက်လဲချက်များကို တိတ်ဆိတ်ငြိမ်သက်စွာအာရုံစူးစိုက် နားထောင်နေသည့်ပုံရိပ်သည် အင်္ဂါနေ့၏ ကမ္ဘာ့သတင်းခါင်းစဉ်များထက်တွင် နေရာယူခဲ့သည်။

ဂမ်ဘီယာ၏ လျှောက်လဲချက် ဂမ်ဘီယာ၏ ကိုယ်စားလှယ်မှာ ရှေ့နေချုပ်နှင့်တရားရေးရာဝန်ကြီး အဘူကာမာရီတန်ဘာတူဖြစ်သည်။ ပထမအကြိမ် ကြားနာမှုဖြစ်သည့် သုံးနာရီအကြာ ကြားနာမှုအတွင်း ဂမ်ဘီယာက မြန်မာအပေါ် ကြားဖြတ်အရေးယူဆောင်ရွက်ချက် (Provisional Measures) ချမှတ်နိုင်ရန် အဓိကထား တောင်းဆိုခဲ့သည်။

ဂမ်ဘီယာ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရ လက်မခံဘဲ ငြင်းပယ်ထားသည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာပါအချက်များကို ကိုးကားကာ တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ယင်းတို့၏ ထွက်ဆိုချက်များတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်များအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးတုံးသတ်ဖြတ်ကြောင်း အဓိကအချက်ခုနစ်ချက် (အချက်ခုနစ်ချက်ကို သီးသန့်ဖော်ပြထားသည်) ကို ထောက်ပြခဲ့သည်။

၂၀၁၇ ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်တွင် တပ်မတော်သည် လူမျိုးတုံးသတ်ဖြတ်မှုသဘော သက်ရောက်စေသည့် လူသတ်မှုများ၊ မုဒိမ်းမှုများ၊ မီးရှို့မှုများ၊မောင်းထုတ်မှုများကို စနစ်တကျကျူးလွန်ခဲ့သည်ဟုဆိုသည်။ တပ်မတော်၏ နှိမ်နင်းမှုများကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး မြန်မာပြည်တွင်း ကျန်ရှိနေသူများမှာလည်း လူမျိုးတုံးသတ်ဖြတ်မှု အန္တရယ်နှင့် ရင်ဆိုင်နေရသည်ဟု စွပ်စွဲခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာများကို အသုံးချကာဘာသာခြားများနှင့် လူမျိုးခြားများအပေါ် သက်ရောက်မှုရှိသည့် အမုန်းစကားများဖြန့်ဝေခြင်း၊ အကြမ်းဖက်မှုဖြစ်ပွားရန် လှံှုု့ဆော်သူများကို မြန်မာအစိုးရက ထိရောက်စွာအရေးယူခြင်းမရှိဟု စွပ်စွဲပြစ်တင်ခဲ့သည်။ ထို့ပြင် အစိုးရကိုယ်တိုင် လူမျိုးခြားများ၏ နိုင်ငံသားဖြစ်ခွင့်ကို နည်းလမ်းမျိုးစုံဖြင့် ကန့်သတ်လျက်ရှိကြောင်း ဂမ်ဘီယာဘက်က ပြောဆိုသည်။

ဂမ်ဘီယာ၏ လျှောက်လဲချက်တွင် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေးအဖွဲ့ UEHRDသည် လူမျိုးတုံးသတ်ဖြတ်ရေး၏ အစိတ်ပိုင်းတစ်ခုဖြစ်သည်ဟု သုံးနှုန်းပြောဆိုမှုနှင့် ရခိုင်ပြည်နယ်တွင်းရှိ မွတ်စလင်များနေထိုင်ရာ မြေနေရာသိမ်းယူရာတွင် UEHRD ဦးဆောင်ပါဝင်နေသည်ဟုဆိုသည့် စွဲချက်အပေါ် ကြားနာပွဲတွင် ပြောဆိုမှုအပေါ် UEHRD က ပယ်ချခဲ့သည်။ ဘင်္ဂလားဒေ့ရှ်မှ နေရပ်ပြန်လာသူများအတွက် ပြန်လည်လက်ခံရေးနှင့် ယာယီနားနေရန်နေရာများဆောက်လုပ်ခဲ့ရာတွင် ရခိုင်ပြည်နယ်အစိုးရ၏ အထောက်အပံ့ဖြင့်သာ မြေနေရာများကို အသုံးပြုခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် UEHRD က ထုတ်ပြန်သည်။

"မနေ့က ကြားနာပွဲကို နားထောင်တယ်။ သူတို့ UEHRD ကိုပါ စွပ်စွဲပြောသွားတာက ဝါးလုံးရှည်နဲ့ ယမ်းတာကို လုံးဝလက်မခံဘူး။ ဒီလို့စွပ်စွဲတာကို လုံးဝလက်မခံဘူး။ အဲဒါကြောင့် အချိန်မီထုတ်ပြန်ချက်ထုတ်တာပါ"ဟု ရခိုင်ပြည်နယ်၊ လူသားချင်းစာနာမှုအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းညှိနှိုင်းရေးမှူး ဒေါက်တာအောင်ထွန်းသက်က တုံ့ပြန်သည်။

မြန်မာ ဘယ်လိုချေပမလဲလူမျိုးတုံးသတ်ဖြတ်ခြင်းဆိုသည့် စွဲချက်ကိုဒေါ်အောင်ဆန်းစုကြည် ဘယ်လိုတုံ့ပြန်မလဲဆိုသည်ကို နားဆင်ရန် တစ်ကမ္ဘာလုံးက လူအများက စိတ်လှုပ်ရှားနေခဲ့သည်။ ကြားနာမှု ဒုတိယနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၁ ရက်တွင် အသက် ၇၄ နှစ်အရွယ် ခေါင်းဆောင်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်များအပေါ် သတ်ဖြတ်ခြင်း၊ မုဒိမ်းမှုနှင့် အကြမ်းဖက်မှုများကို စနစ်တကျစည်းရုံး လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲချက်များကို ခုခံချေပမည်ဟုမျှော်လင့်ခဲ့ကြသည်။ သို့သော်စွဲချက်များကို သူကိုယ်တိုင်ခုခံချေပရန် ဆုံးဖြတ်ချက်ကို ထောက်ခံသူများရှိသလို၊ ဝေဖန်သူများလည်းရှိနေသည်။ မြန်မာပြည်တွင်ဖြစ်ပွားခဲ့သည့် သွေးထွက်သံယိုဖြစ်ရပ်များအတွက် အဓိကလက်သည်သည် တပ်မတော်၏ဗိုလ်ချုပ်ကြီးများကို ကာကွယ်ရန် သည်ဟေ့ဂ်သို့ သွားရောက်ခဲ့ခြင်းသည် တစ်ချိန်က သူ၏လူ့အခွင့်အရေး ဘက်တော်သားဘဝကို ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ကြသည်။

နိုင်ငံတကာတရားရုံးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်တပ်၏ လုပ်ရပ်များအတွက် ခုခံပြောဆိုမည်ကို စိုးရိမ်မကင်းဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ်များက ပြောဆိုခဲ့သည်။

"မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသား လူနည်းစုတွေအပေါ်မှာ စက်ဆုပ်ဖွယ်နဲ့ မျိုးဖြုတ်ရှင်းလင်းမှု ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာ ရှင်းလင်းပါတယ်။ သည်လိုလုပ်ရပ်တွေကို သည်ဟေ့ဂ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်မယ်ဆိုရင် နှိပ်စက်ညှဉ်းပန်းမှုနဲ့ အကြမ်းဖက်မှုတွေအတွက် မကြုံစဖူး ထုချေချက်ဖြစ်သွားမှာဖြစ်ပါတယ်။ သည်အစား ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အိုင်စီဂျေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သည်ဆောင်ရွက်ချက်ဟာ မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးအတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအတွက်လည်း အကျိုးရှိစေမယ်" ဟု အထက်လွှတ်တော်အမတ် Dick Durbin က ပြောသည်။ မြန်မာပြည်တွင်းရှိ နိုင်ငံရေးလေ့လာသူများကမူ လုံးဝ ငြင်းဆန်ခြင်းထက် လူမျိုးတုံးသတ်ဖြတ်မှုမြောက်၊ မမြောက်ဆိုသည့် တရားဝင်အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်တွင် မြန်မာဘက်ကရှေ့နေက ခုခံလျှောက်လှဲရန် အခြေအနေရှိသည်ဟုသုံးသပ်ကြသည်။

"အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်ပဲ ဇောင်းပေးနေပေမဲ့ သူကရှေ့နေမဟုတ်ဘူး။ ရှေ့နေကပဲ တောက်လျှောက်ခုခံရမှာ။ နောက်ဆုံးဘယ်လိုအဖြေပဲထွက်ထွက် အခုနာမည်ဆိုးကထွက်နေပြီ။ အရှိန်ကလည်း မြင့်လာပြီ။ နိုင်ငံတကာကလည်း အရင်လောက် စိတ်မရှည်နိုင်တော့ဘူး။ အဓိကငြင်းမယ့်အချက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှု(ဂျီနိုဆိုက်) မြောက်၊ မမြောက်ဆိုတာကို ဝေါဟာရအရ ငြင်းရမယ့်သဘောရှိတယ်။ ဂျီနိုဆိုက်မမြောက်တဲ့အတွက် အမှုကို ပလပ်ပေးပါဆိုတာမျိုး။ ဒါဆိုရင်လည်း နောက်ဆက်တွဲဘာဖြစ်မလဲဆိုတာ မသိနိုင်ဘူး။ သိပ်တော့မကောင်းဘူးထင်တယ်" ဟု တမ္ပဒီပ သုတေသနအဖွဲ့ကို တည်ထောင်သူ ဒေါက်တာ ခင်ဇော်ဝင်းက ပြောသည်။

နိုင်ငံတကာတရားရုံးတွင် ဦးဆောင်ရင်ဆိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ဆုံးဖြတ်ချက်ကို နိုင်ငံတကာက ေ-ဝဖန်မှုများရှိသည့်တိုင် ပြည်တွင်းထောက်ခံမှုက အံ့မခန်းဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမး်ချမ်းရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ လုပ်ဆောင်ချက်ကို အားမလိုအားမရဖြစ်နေသည့်အခြေအနေတွင် ပါတီခေါင်းဆောင်၏ ဆုံးဖြတ်ချက်သည် လူထုကိုတပ်လှန့်လိုက်သကဲ့သို့ဖြစ်သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံမှုများ၊ ဝန်းရံအားပေးမှုများ နိုင်ငံတစ်ဝန်းထွက်ပေါ်လာသည်။ ကြားနာမှု မစတင်မီရက်ပိုင်းနှင့် ကြားနာမှုစတင်သည့် ဒီဇင်ဘာ ၁၀ ရက်မှာပင် သိန်းဂဏန်းရှိသည့်လူအုပ်ကြီးသည် ရန်ကုန်၊ မန္တလေးစသည့်မြို့ကြီးများတွင် ထောက်ခံပွဲများ ပြုလုပ်ခဲ့သည်။

"အခုအိုင်စီဂျေမှာမြန်မာနိုင်ငံအပေါ်စွပ်စွဲပြောဆိုထားတာတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ချေပနေတာကို သူနဲ့အတူ မန္တလေးမြို့က တစ်ပါတည်းရှိနေတယ်ဆိုတာ ကမ္ဘာကို ပြသတဲ့ပွဲဖြစ်ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။ သူ၏နံဘေးတွင် "We stand with Daw Aung San Suu Kyi " "We Stand With Our Leader'' " We Stand With The State Counsellor Of Myanmar" အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် ဗီနိုင်း၊ ပိုစတာများကို ကိုင်စွဲကာ နှုတ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ရပ်တည်မည်ဟု ြွေကးကြော်နေသော လူအုပ်ကြီးက နေရာယူထားသည်။ တစ်ချိန်တည်းမှာပင် ကရင်၊ ရှမ်း၊ ကချင်စသည့် တိုင်းရင်းသားအချို့က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တပ်မတော်ဘက်က ရပ်တည်ပေးရန် မသင့်ကြောင်းနှင့် နိုင်ငံတကာ၏ တပ်မတော်အပေါ်အရေးယူရန်လုပ်ဆောင်ချက်ကိုထောက်ခံကြောင်းကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

အိုင်စီဂျေအမှုတွဲနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ

အိုင်စီဂျေအမှုတွင် ပါဝင်သည့်အစိုးရတစ်ရပ်သည် သံတမန်အဖွဲ့၏ ဦးဆောင်ပုဂ္ဂိုလ်အဖြစ် ကိုယ်စားလှယ်တစ်ဦးဦးကို အဆိုပြုနိုင်ပြီး ထိုပုဂ္ဂိုလ်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကဲ့သို့ ဆောင်ရွက်ပိုင်ခွင့်အာဏာရှိသည်။ ထိုသူသည် အိုင်စီဂျေ၏မှတ်တမ်းရုံးနှင့် အမှုနှင့်ပတ်သက်သည့် ဆက်သွယ်ပြောဆိုမှုများကို လက်ခံရရှိပြီး လက်မှတ်ရေးထိုးအတည်ပြုထားသည့်အချက်များနှင့် လျှောက်လဲချက်များကို အိုင်စီဂျေထံပို့ပေးရသည်။

အိုင်စီဂျေရှေ့မှောက်ရှိ အများပြည်သူတက်ရောက်နိုင်သောကြားနာပွဲများတွင် ယင်းကိုယ်စားလှယ်က အစိုးရကိုယ်စားလျှောက်လဲချက်တင်သွင်းရသည်။ ထိုသူအား အစိုးရမှခန့်ထားသည့် ရှေ့နေများနှင့် အကြံပေးများက ကူညီပေးနိုင်သည်။ကြားဖြတ်အရေးယူဆောင်ရွက်ချက် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်တာကြားနာမှု၏ အဓိကအချက်မှာ ဂမ်ဘီယာကတောင်းဆိုတားသည့် ကြားဖြတ်အရေးယူဆောင်ရွက်ချက် လုပ်ဆောင်သင့်၊ မသင့်ကို တရားရုံးက ဆုံးဖြတ်ရန်ဖြစ်သည်။ ဂမ်ဘီယာနိုင်ငံ၏လျှောက်လဲလွှာတွင် "အခွင့်အရေးများချိုးဖောက်ခံရမှု၏ လက်ရှိအခြေအနေနှင့် ရိုဟင်ဂျာမျိုးနွယ်စုဝင်များမှ ဆက်လက်ခံစားနေရသော ပြင်းထန်ပြီး ပြန်လည်ကုစား၍မရနိုင်သော ထိခိုက်နစ်နာမှုများကိုထောက်ရှုပြီး" ရုံးတော်မှ ကြားဖြတ်အရေးယူဆောင်ရွက်မှုများ သတ်မှတ်ပေးရန် တောင်းဆိုထားသည်။

ဂမ်ဘီယာဘက်မှ တောင်းဆိုထားသည့် ကြားဖြတ်အရေးယူဆောင်ရွက်ချက်ဆိုသည်မှာ အမှုကြီးတစ်ခုလုံးကို အပြီးသတ်မဆုံးဖြတ်ရသေးချိန်တွင် အငြင်းပွားသည့် နိုင်ငံများ လိုက်နာဆောင်ရွက်ရန်အတွက် တရားရုံးမှ ထုတ်ဆင့်ပေးသည့် အမိန့်များဖြစ်သည်။

ဂမ်ဘီယာက တောင်းဆိုထားသည့် ကြားဖြတ်အရေးယူဆောင်ရွက်မှုများတွင်အပြည်ပြည်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဥပဒေကို လိုက်နာအကောင်အထည်ဖော်ရန် မြန်မာနိုင်ငံမှ လိုအပ်သည့် ဆောင်ရွက်ရမည့် ကိစ္စအားလုံးကို အမြန်ဆုံးဆောင်ရွက်ရန်၊ သက်သေခံများ မဖျောက်ဖျက်ရန်၊တပ်မတော်နှင့် တပ်မတော်ကို အထောက်အကူပြုသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခြင်း ကြံစည်ခြင်းများ မပြုလုပ်ရန် ပါဝင်သည်။

ကြားဖြတ်အရေးယူဆောင်ရွက်မှုကို ရုံးတော်မှသတ်မှတ်ရာတွင် ကြားဖြတ်အရေးယူဆောင်ရွက်မှုများအား အကောင်အထည်ဖော်မှုအခြေအနေကို အမိန့်ချမှတ်ပြီး လေးလထက်နောက်မကျဘဲ သက်ဆိုင်သူများက အစီရင်ခံစာတစ်စောင်စီ ရုံးတော်ထံတင်သွင်းရန် ဂမ်ဘီယာဘက်က တောင်းဆိုထားသည်။

အိုင်စီဂျေ ဥပဒေ ပုဒ်မ ၄၁ တွင် အချို့သော အခြေအနေများတွင် ကြားဖြတ်အရေးယူဆောင်ရွက်မှုများကို သတ်မှတ်ဆောင်ရွက်နိုင်ခွင့်ကို အိုင်စီဂျေအားအပ်နှင်းထားသည်။ ရုံးတော်၏စီရင်ချက်အရ လိုက်နာဆောင်ရွက်ရမည့်တာဝန်များကိုဆောင်ရွက်ရန် ပျက်ကွက်ပါက တစ်ဖက်အမှုသည်သည် လုံခြုံရေးကောင်စီထံတင်ပြနိုင်သည်။

ဒီဇင်ဘာ ၁၂ ရက်သည် ထိိုဆုံးဖြတ်ချက်အတွက် အရေးပါသည့် နေ့ရက်ဖြစ်သည်။

မည်သည့်ရလဒ်ပင်ထွက်ရှိသည်ဖြစ်စေ၊ အိုင်စီဂျေတွင် ဒေါ်အောင်ဆန်းစုကြည်၏တရားဝင် တုံ့ပြန်မှုသည် သိသာထင်ရှားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ရေငုံနှုတ်ပိတ်နေစိမ့်သည်ဆိုသည့် နိုင်ငံတကာ၏ သူ့အပေါ် ဝေဖန်ပြစ်တင်မှုများကို အချိန်ကာလတစ်ခုအထိ ရပ်တန့်နိုင်စေမည်က အသေအချာပင်ဖြစ်သည်။ 

မျိုးနွယ်စုတစ်စုကို မျိုးဖြုတ်ခြင်း (Genocide ) ၏ အဓိပ္ပာယ်

၁၉၄၈ ကုလသမဂ္ဂ အထွေထွေညီလာခံကချမှတ်ခဲ့သော မျိုးနွယ်စုတစ်စုကို မျိုးဖြုတ်ခြင်းပြစ်မှုကို တားဆီးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်တွင် မျိုးနွယ်စုတစ်စုကို မျိုးဖြုတ်ခြင်း (Genocide) ကို အောက်ပါအတိုင်း အဓိပွာယ်ဖွင့်ဆိုထားသည်။

မျိုးနွယ်စုတစ်စုကို မျိုးဖြုတ်ခြင်းဆိုသည့် စကားရပ်၏ အဓိပ္ပာယ်မှာ နိုင်ငံလူမျိုး၊ မျိုးနွယ်စု၊ လူမျိုး (သို့) ဘာသာဝင် စသည့်အစုအဖွဲ့တို့ကို အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း ကွယ်ပျောက်ပျက်စီးသွားအောင် ရည်ရွယ်ချက်ဖြင့် အောက်ပါလုပ်ရပ်တစ်ခုခုကို ကျူးလွန်မှုကို ဆိုလိုပါသည်။

(က) ယင်းအစုအဖွဲ့ဝင်များကို သတ်ဖြတ်မှု

(ခ) ယင်းအစုအဖွဲ့ဝင်များအပေါ် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ဒဏ်ချက်နှင့် အန္တရာယ်တို့ဖြစ်အောင် လုပ်ဆောင်မှု

(ဂ) ယင်းအစုအဖွဲ့ဝင်များကို အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း ပျက်စီးစေရန် တွက်ဆကြံစည်၍ ရည်ရွယ်ချက်ဖြင့် ယင်းအဖွဲ့အစည်းများ ဘဝမရပ်တည်နိုင်လောက်သည့် အခြေအနေများကို ဖြစ်ပေါ်စေမှု

(ဃ) ယင်းအစုအဖွဲ့များအတွင်း ကလေးမွေးဖွားမှု၊ သားဖွားမှုများ မပေါ်ပေါက်စေရန် ရည်ရွယ်၍ လုပ်ကိုင်ဆောင်ရွက်မှု

(င) ယင်းအစုအဖွဲ့အတွင်းမှ ကလေးသူငယ်များကို အခြားအစုအဖွဲ့သို့ အတင်းအဓမ္မရွှေ့ပြောင်းမှု

ဂမ်ဘီယာနိုင်ငံ၏လျှောက်လဲချက်တွင်ပါဝင်သည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက်

ရှာဖွေရေးမစ်ရှင် (FFM) ၏ အစီရင်ခံစာအရ ရခိုင်မြောက်ပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ခဲ့သည်ဟု ကောက်ချက်ချနိုင်သော အချက်ခုနစ်ချက်

(၁) တပ်မတော်၏ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုတွင် အလွန်အမင်း လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှု

(၂) တပ်မတော်၏ အဖွဲ့အစည်းအလိုက် စနစ်တကျဖျက်ဆီးမှု

(၃) နယ်မြေရှင်းလင်းရေး စစ်ဆင်မှုများအတွင်း အမျိုးသမီးနှင့် အမျိုးသမီးငယ်များအပေါ် လိင်ပိုင်းအကြမ်းဖက်မှုနှင့် ကြီးလေးသောအပြစ်များ ကျူးလွန်မှု

(၄) နယ်မြေရှင်းလင်းရေး စစ်ဆင်မှုများဆောင်ရွက်စဉ်နှင့် ဆောင်ရွက်ပြီးကာလအတွင်း မြန်မာအရာရှိများနှင့် အခြား ယခင်ရှိနှင့်နေသူများက စော်ကားလှောင်ပြောင်မှု၊ လူမျိုးရေးခွဲခြား ဖယ်ကြဉ်ပစ်ပယ်သည့် စကားလုံး များ ပြောဆိုသုံးနှုန်းမှု

(၅) နိုင်ငံသားဖြစ်မှု ဥပဒေ၊ နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ပေးသည့် လုပ်ငန်းစဉ်များအပြင် ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာပါဝင်မှုအချိုး လျှော့ချရေးရည်ရွယ်ချက်ဖြင့် ပထဝီဒေသအလိုက် လူဦးရေအချိုး၊ တိုင်းရင်းသားပါဝင်မှုအချိုးကို ပြောင်းလဲရန် မြေယာများကို ရှင်းလင်းဖျက်ဆီးခြင်း၊ သိမ်းယူခြင်း၊ အစိုးရ၏ ခွဲခြားဆက်ဆံသည့် စီမံချက်နှင့်မူဝါဒများ ကျင့်သုံးမှု

(၆) ရိုဟင်ဂျာများအပေါ် အများပြည်သူ၏ မုန်းတီးမှုနှင့် အထင်အမြင်သေး ပြောဆိုမှုများကို အစိုးရက အရေးယူဆောင်ရွက်ပေးရန် ပျက်ကွက်မှု

(၇) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို ဆိုးဝါးစွာ ချိုးဖောက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း

စာနာထောက်ထားမှု ဥပဒေကို ကြီးလေးစွာ ဖောက်ဖျက်ခြင်းများကို၊ ပဋိပက္ခများ ဖြစ်ပွားစဉ်နှင့် နောက်ပိုင်း ကာလနှစ်ခုလုံးတွင် အစိုးရက စုံစမ်းစစ်ဆေးအရေးယူရန် ပျက်ကွက်မှု



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး