မလေးရှားနိုင်ငံတွင်ကျင်းပမည့် ONE Championship ပြိုင်ပွဲ၌ ယှဉ်ပြိုင်လိုသည့် အောင်လအန်ဆန် 

မလေးရှားနိုင်ငံတွင်ကျင်းပမည့် ONE Championship ပြိုင်ပွဲ၌ ယှဉ်ပြိုင်လိုသည့် အောင်လအန်ဆန် 

မြန်မာနိုင်ငံ ဂုဏ်ဆောင် မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် ၂၀၂၀ ခုနှစ် ကျင်းပမည့် ONE Championship ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ၌ ယှဉ်ပြိုင်ခွင့်မရပါက မလေးရှားနိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ONE: Mark of Greatness ပြိုင်ပွဲတွင် ၎င်း၏ တပည့်ဖြစ်သူ ချင်းတိုင်းရင်းသား တီရဲလ်ထန်၏ ပွဲအတွက် အနီးကပ်ကြီးကြပ်ရန် မလေးရှားနိုင်ငံသို့ ရောက်ရှိလာစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် အတောအတွင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံခဲ့ပြီး အားပေးစကားများလည်း ပြောကြားခဲ့သည်။ 

 

“ဒီမှာက ကျွန်တော်ချစ်တဲ့ မြန်မာနိုင်ငံသားတွေ အများကြီးရှိပါတယ်။ ကချင်၊ချင်း၊ ဗမာ စသဖြင့် တိုင်းရင်းသား အစုံပါပဲ။ တကယ်လို့ အခွင့်အရေးရခဲ့မယ်ဆိုရင် မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲတစ်ပွဲမှာ ကျွန်တော်ဝင်ရောက်ယှဉ်ပြိုင်ချင်ပါတယ်။ ဒီမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကလည်း ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်” ဟု အောင်လအန်ဆန်က ပြောကြားခဲ့သည်။ 

 

ONE Championship ပြိုင်ပွဲများကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပခဲ့ရာ ယခုအခါ အဆိုပါကွင်းသည် အကြီးစားပြင်ဆင်မှူများ ပြုလုပ်နေသည့်အတွက် ၂၀၂၀ ခုနှစ်အတွင်း ပြိုင်ပွဲကျင်းပရန် မဖြစ်နိုင်သည့် အနေအထားတွင်ရှိနေသည်။ 

 

“သုဝဏ္ဏမိုးလုံလေလုံကွင်းကြီးက ပြင်ဆင်ဆဲ အခြေအနေမှာဆိုတော့ ၂၀၂၀ ခုနှစ်မှာ ရန်ကုန်မှာ ပြိုင်ပွဲလုပ်ဖို့ အဆင်မပြေဘူးလို့ ကျွန်တော်ကြားရပါတယ်။ မလေးရှားမှာက မြန်မာနိုင်ငံသားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မလေးရှားမှာ ယှဉ်ပြိုင်ရရင် အိမ်ကွင်းလိုပဲ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အောင်လအန်ဆန်ကဆိုသည်။ 

 

ONE Championship အနေဖြင့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၇ ရက် ( မြန်မာနှစ်ဆန်းတစ်ရက်နေ့) တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ONE: Kings & Queens ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ အောင်လအန်ဆန်အနေဖြင့် အဆင်သင့်ဖြစ်ပါက အဆိုပါပြိုင်ပွဲတွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။ 

 

“လက်ရှိ ကျွန်တော်လက်က ကျောက်ပတ်တီးဖြည်ပြီးရင် လေ့ကျင့်မှုတွေ စတင်လုပ်ပါတော့မယ်။ လက်ရှိအနေအထားအရတော့ မလေးရှားပွဲမှာ ပါဝင်နိုင်မလား ဆိုတာ သေချာပြောလို့မရသေးပါဘူး။ တကယ်လို့ အဲ့အချိန်မှာ အစဉ်သင့် အနေအထားဖြစ်နေမယ်ဆိုရင်တော့ ပါဝင်ချင်ပါတယ်။” ဟု ၎င်းကဆိုသည်။ 

 

မြန်မာ့နိုင်ငံ၏ ပထမဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်သူ အောင်လအန်ဆန်သည် ၂၀၂၀ ခုနှစ်အတွင်း အနည်းဆုံး ၃ပွဲ ၄ပွဲခန့် ယှဉ်ပြိုင်ကစားနိုင်ရန်ရည်မှန်းထားပြီး ၎င်း၏ အဓိက ဝိတ်တန်းဖြစ်သည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်ပွဲများ ထိုးသတ်ရန်ရှိနေကြောင်း ဖွင့်ဟခဲ့သည်။ 

 

“ကျွန်တော်က ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမှာ ကမ္ဘာ့အကောင်းဆုံး မစ်ဒယ်ဝိတ်တန်း ကစားသမားတစ်ယောက် ဖြစ်ချင်တာပါ။ ဒီအတွက်လည်း ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမယ်။ ၂၀၂၀ ခုနှစ်အတွင်း အနည်းဆုံး ၃ပွဲ ၄ပွဲလောက် ယှဉ်ပြိုင်ထိုးသတ်နိုင်ဖို့ စီစဉ်ထားပါတယ်။” ဟု အောင်လအန်ဆန်ကပြောကြားခဲ့သည်။ 

 

အောင်လအန်ဆန်သည်  ONE Championship နှင့်အတူ ၁၂ပွဲယှဉ်ပြိုင် ကစားထားရာ ၁၁ ပွဲအနိုင်ရရှိထားပြီး ရုရှားနိုင်ငံသား Vitaly Bigdash ကိုသာ ဒိုင်ဆုံးဖြတ်ချက်ဖြင့် ရှူံးနိမ့်ခဲ့ဖူးသည်။ ၎င်းအနိုင်ရရှိခဲ့သည့် ၁၁ ပွဲတွင် ၃ပွဲသာ ဒိုင်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ြ ပီး ကျန်ပွဲစဉ်အားလုံးမှာ အလဲထိုး၊ဒိုင်ပွဲရပ်တို့ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

 

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 



ဖတ်ရှုမှုအများဆုံး