ယခု ဒီဇင်ဘာလသည် ၂ဝ၁၉ ခုနှစ်၏ နောက်ဆုံးလ ဖြစ်သည်နှင့် အညီ ကမ္ဘာ့ အကောင်းဆုံး ကိုယ်ခံပညာ ပြိုင်ပွဲများကို ကျင်းပနေသည့် ONE Championship ၏ နောက်ဆုံး ပြိုင်ပွဲကိုလည်း ယခုရက်ပိုင်း အတွင်း ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ နှစ်တစ်နှစ် ကုန်ဆုံးသည့်အခါ တစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် သုံးသပ်လေ့လာကြည့်ပြီး အဆိုးအကောင်း အကျိုးအကြောင်းများကို ဝေဖန်ပိုင်းခြား ရသည်မှာ မဖြစ်မနေ လုပ်သင့်သည့် အလုပ်တစ်ခု ဖြစ်သည်။
ONE Championship ၏ ၂ဝ၁၉ တစ်နှစ်တာကို ပြန်လည် သုံးသပ် သည့်အခါ တွင်လည်း ရသအမျိုးမျိုး ပေးနိုင်သည့် ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက်မှ မမေ့နိုင်သည့် ဖြစ်ရပ် အချို့ကို ပြန်လည် စုစည်း ဖော်ပြလိုက်ရ ပါသည်။
(၁) သမိုင်းဝင် ရာပြည့်ပွဲကြီးကို ခမ်းနားစွာ ကျင်းပခဲ့ခြင်း
ONE Championship သည် ၂ဝ၁၉ ခုနှစ် အတွင်းတွင် ၎င်းတို့၏ ပြိုင်ပွဲပေါင်း ၁ဝဝ ပြည့်မြောက်သည့် အထိမ်းအမှတ် သမိုင်းဝင် ရာပြည့် ပြိုင်ပွဲကြီး ONE: Century ကို ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ခဲ့သည်။ ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် အဆိုပါ ပြိုင်ပွဲကြီးကို ထူးထူး ခြားခြား Part I နှင့် Part II နှစ်ပိုင်းခွဲ ကျင်းပခဲ့သလို esports ပွဲများ၊ Open workout အစီအစဉ်များ၊ ဆွေးနွေးပွဲများ နှင့် အခြား စိတ်ဝင်စား ဖွယ်ရာ အစီအစဉ် များကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းကျင်းပ နိုင်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကြီင်္းတွင် စုစုပေါင်း တွဲဆိုင်း ၂၂ တွဲ အထိ ထည့်သွင်းကျင်းပခဲ့ရာ ကမ္ဘာ့ချန်ပီယံ ၂၈ ဦး အထိ ပါဝင်ခဲ့သည်ကို ထူးခြားစွာ တွေ့ရှိရသည်။ ယင်းပြိုင်ပွဲ တစ်ခုတည်းတွင်ပင် ကမ္ဘာ့ ချန်ပီယံ စိန်ခေါ်ပွဲ ၄ ပွဲနှင့် ရှုံးထွက် GP ပြိုင်ပွဲ ၃ ပွဲ၏ ဗိုလ်လုပွဲများ ပါဝင်ခဲ့ပြီး ယင်းပွဲများ ထဲတွင် Kickboxing လောက၏ ဆုကြေးငွေ အမြင့်ဆုံး ပြိုင်ပွဲဖြစ်သော ဖယ်သာဝိတ်တန်း GP ပြိုင်ပွဲလည်း ပါဝင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ သက်တမ်း အရင့်ဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်းကြီး နှစ်ခု ဖြစ်သည့် Shooto နှင့် Pancrase တို့၏ ချန်ပီယံများ ပထမဆုံး အကြိမ် ထိပ်တိုက် တွေ့ခဲ့သည့် ပွဲကို ယင်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပ ခဲ့သည်။
(၂) အိမ်ရှင်နိုင်ငံ အသစ်များ ထပ်မံတိုးချဲ့နိုင်ခြင်း
ONE Championship သည် ၂ဝ၁၉ ခုနှစ် အတွင်းတွင် ယခင်က တစ်ကြိမ်မှ မကျင်းပခဲ့ဖူးသည့် နိုင်ငံ ၂ နိုင်ငံတွင် ပထမဆုံး အကြိမ် ပြိုင်ပွဲကြီးများ ကျင်းပနိုင်ခဲ့သည်။ ယင်းနိုင်ငံများမှာ ဂျပန်နှင့် ဗီယက်နမ် နိုင်ငံတို့ ဖြစ်ပြီး ဂျပန်တွင် သမိုင်းဝင် ရာပြည့်ပွဲကြီး ONE: Century ကိုပင် ကျင်းပခဲ့သည်ကို တွေ့ရသည်။ ၂ဝ၂ဝ ခုနှစ် အတွင်းတွင် နောက်ထပ် နိုင်ငံသစ်များ ထပ်မံ တိုးချဲ့ ကျင်းပနိုင်ရန်လည်း စီစဉ်လျက် ရှိကြောင်း ထုတ်ပြန် ကြေညာထားသည်။
ONE Championship သည် မတ်လ အတွင်းတွင် ၎င်းတို့၏ ပထမဆုံး ဂျပန် ပြိုင်ပွဲကို ကျင်းပနိုင် ခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို ONE: A New Era ဟု အမည်ပေးခဲ့ပြီး ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ ၄ ပွဲအထိ ထည့်သွင်း ကျင်းပခဲ့သည်။ ဒုတိယမြောက် ဂျပန်ပြိုင်ပွဲက ONE: Century ဖြစ်သည်။ ပထမဆုံး ဗီယက်နမ် ပြိုင်ပွဲကိုမူ စက်တင်ဘာလ အတွင်းက ကျင်းပခဲ့ပြီး ONE: Immortal Triumph ဟု အမည်ပေး ခဲ့သည်။
(၃) ကြည့်ရှုသူပရိသတ် စံချိန်တင်နိုင်ခဲ့ခြင်း
အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် ONE: Century ပြိုင်ပွဲသည် တစ်ကမ္ဘာလုံးမှ ပရိသတ် စုစုပေါင်း ၈၅ သန်း အထိ စံချိန်တင် ကြည့်ရှုသည့် ပြိုင်ပွဲကြီး ဖြစ်ခဲ့ပြီး ၎င်းတို့ပြိုင်ပွဲ သမိုင်းတစ်လျှောက် စံချိန်သစ် တင်ခဲ့သည့် ပမာဏ ဖြစ်သည်။ အဆိုပါ ပရိသတ်များသည် ရုပ်သံလိုင်းများ၊ ONE Championship ၏ တရားဝင်ဖုန်း Application ဖြစ်သော ONE Super App၊ YouTube၊ Facebook နှင့် Twitter တို့မှ ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။အဆိုပါ ပရိသတ်များထဲတွင် တရုတ်နိုင်ငံ တစ်ခုတည်းမှ ကြည့်ရှုသည့် ပရိသတ် ၁ဝ သန်းကျော် ရှိခဲ့သည်ဟု သိရသည်။
ONE: Century ကို နိုင်ငံပေါင်း ၁၄၅ နိုင်ငံတွင် ရုပ်သံထုတ်လွှင့် ပေးခဲ့ပြီး အမေရိကန် နိုင်ငံတွင် ပထမဆုံး ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်နိုင်ခဲ့သည့် ONE Championship ပြိုင်ပွဲလည်း ဖြစ်ခဲ့သည်။ ယင်းပမာဏသည် နိုင်ငံတကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပြိုင်ပွဲ တစ်ပွဲအား ပရိသတ် အများဆုံး ကြည့်ရှုခဲ့သည့် စံချိန်လည်း ဖြစ်ကြောင်း သိရသည်။ အာရှတိုက်သည် ရုပ်သံကြည့် ပရိသတ်ပေါင်း ၃ ဘီလီယံခန့် ရှိသည့်ဒေသ ဖြစ်သဖြင့် အာရှကို အဓိက ထိုးဖောက်နေသည့် ONE Championship သည် ယခုကဲ့သို့ ပရိသတ် စံချိန် တင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
(၄) ဝိတ်တန်းသစ်နှင့် ကမ္ဘာ့ချန်ပီယံသစ်များ ထွက်ပေါ်ခဲ့ခြင်း
ONE Championship တွင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်က ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား မဟုတ်သည့် အားကစားနည်း များမှ ချန်ပီယံ ဟူ၍ ဖလိုင်းဝိတ်တန်း မွေထိုင်း ချန်ပီယံနှင့် အက်တမ်ဝိတ်တန်း အမျိုးသမီး Kickboxing ချန်ပီယံ နှစ်ဦးသာ ရှိခဲ့သည်။ သို့သော် ၂ဝ၁၉ ခုနှစ် အတွင်းတွင် အဆိုပါ မွေထိုင်းနှင့် Kickboxing အားကစား များကို ဝိတ်တန်း အသစ်များ ထပ်မံ ထည့်သွင်း ကမ္ဘာ့ ချန်ပီယံ အသစ်များလည်း ပေါ်ထွက်စေခဲ့သည်။ ထို့ပြင် Grand Prix ပြိုင်ပွဲကြီး သုံးပွဲကိုလည်း ကျင်းပခဲ့ရာ GP ချန်ပီယံ သုံးဦး (တစ်ဦးမှာ လက်ရှိ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလည်း ဖြစ်သူ Christian Lee ဖြစ်သည်) လည်း ပေါ်ထွက်ခဲ့သည်။
၂ဝ၁၉ ခုနှစ် အတွင်း ပေါ်ထွက်ခဲ့သည့် ဝိတ်တန်းသစ်မှ ချန်ပီယံသစ်များမှာ Kickboxing တွင် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ၊ လိုက်ဝိတ်တန်း ချန်ပီယံ၊ ဖလိုင်းဝိတ်တန်း ချန်ပီယံ၊ ဘန်တန်ဝိတ်တန်း ချန်ပီယံ၊ စတောဝိတ်တန်း ချန်ပီယံတို့ ဖြစ်ကြသည်။ မွေထိုင်းတွင် ဘန်တန်ဝိတ်တန်း ချန်ပီယံ၊ ဖလိုင်းဝိတ်တန်း ချန်ပီယံနှင့် အမျိုးသမီး အက်တမ်ဝိတ်တန်း ချန်ပီယံတို့ ဖြစ်ကြသည်။ ၎င်းတို့ အနက် ဘန်တန်ဝိတ်တန်း မွေထိုင်း ချန်ပီယံ Nong-O Gaiyanghadao သည် ချန်ပီယံ ကာကွယ်ပွဲ အများဆုံး ချန်ပီယံ ဖြစ်ပြီး ၃ ပွဲ အထိ ယှဉ်ပြိုင်ခွင့် ရခဲ့ကာ ပွဲတိုင်း အနိုင်ရခဲ့သည်။
(၅) ကမ္ဘာ့ချန်ပီယံ မောင်နှမ ထွက်ပေါ်ခဲ့ခြင်း
ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမိုင်းတွင် မောင်နှမ နှစ်ဦးစလုံး ကမ္ဘာ့ ချန်ပီယံ အပြိုင် ဖြစ်လာသည့် ပထမဆုံး ဖြစ်ရပ် ONE Championship ၌ ၂ဝ၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ မောင်နှမမှာ အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ Angela “Unstoppable” Lee နှင့် လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Christian “The Warrior” Lee တို့ ဖြစ်ကြသည်။ ၂ဝ၁၆ ခုနှစ် ကတည်းက အဆိုပါ ချန်ပီယံ ခါးပတ်ကို ရရှိထားသည့် Angela Lee သည် ယခုနှစ် အတွင်း နောက်ထပ် ချန်ပီယံ ခါးပတ် တစ်ခုအတွက် စတော ဝိတ်တန်း ချန်ပီယံ Xiong Jing Nan ကို စိန်ခေါ်ခဲ့ သေးသည်။ ယင်းပွဲ အနိုင်မရခဲ့ သဖြင့်သာ ဝိတ်တန်းနှစ်ခု ချန်ပီယံ အိပ်မက်ကို စွန့်လွှတ်ခဲ့ ရခြင်းဖြစ်ပြီး Jing Nan က တကျော့ပြန် စိန်ခေါ်သည့် ပွဲတွင်မူ Angela Lee က ၎င်း၏ ခါးပတ်ကို ကာကွယ်နိုင် ခဲ့သည်။
မောင်ဖြစ်သည် Christian Lee မှာ ပြီးခဲ့သည့် မေလက လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Shinya Aoki ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူကာ လိုက်ဝိတ်တန်းတွင် အသက် အငယ်ဆုံး အမျိုးသား ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကမ္ဘာ့ချန်ပီယံ ဖြစ်လာသည်။ ထို့ပြင် Christian Lee သည် လိုက်ဝိတ်တန်း GP ပြိုင်ပွဲ၏ ဗိုလ်လုပွဲကို လူစားထိုး ကစားသမား အနေဖြင့် တိုက်ရိုက် ယှဉ်ပြိုင်ခွင့် ရခဲ့ရာ အနိုင်ရအောင် ကစား နိုင်ခဲ့သဖြင့် GP ခါးပတ်ကိုပါ ရခဲ့ပြီး ယခုနှစ် အတွင်းတွင်ပင် ခါးပတ်နှစ်ခု ချန်ပီယံ ဖြစ်လာသည်။















