ရာသီသစ် ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲများကို ဒီဇင်ဘာ ၁၂ ရက်ကကစားခဲ့ရာ အင်္ဂလန်ကိုယ်စားပြု အသင်းများဖြစ်သည့် မန်ယူ၊ အာဆင်နယ်နှင့် ဝုလ်ဗာဟမ် တန်တို့သည် ရလဒ်ကောင်းခဲ့ပြီး ၃၂ သင်း ရှုံးထွက်အဆင့် သို့တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်း သည် အိမ်ကွင်းတွင် အယ်လ်ခမာကို လေးဂိုးပြတ်အနိုင် ရခဲ့၍ အုပ်စုဗိုလ်ဖြင့် ရှုံးထွက်သို့တက်ရောက်နိုင်ခဲ့သည်။ မန်ယူသည် ဒုတိယပိုင်းတွင် ဂိုးများရခဲ့ပြီး ဂရင်းဝုဒ်က နှစ်ဂိုးသွင်းကာ ကျန်ဂိုးများကို အက်ရှ်လေယန်းနှင့် မာတာ တို့က သွင်းယူခဲ့သည်။
နှစ်ဂိုးသွင်းခဲ့သော ဂရင်းဝုဒ်သည် အသက် ၁၈ နှစ် ၇၂ ရက်ဖြင့် ဥရောပပြိုင်ပွဲတစ်ရပ်၌ မန်ယူအသင်းအတွက် အသက်အငယ်ဆုံး နှစ်ဂိုးသွင်းယူနိုင်သော စံချိန်မှတ်တမ်း ပိုင်ဆိုင်ခဲ့သည်။ ဂရင်းဝုဒ်သည် ယခုနှစ်တွင် ပြိုင်ပွဲစုံ ၁၈ ပွဲကစားခဲ့ရာ ယူရိုပါလိဂ်လေးဂိုးအပါအဝင် ပြိုင်ပွဲစုံ ခြောက်ဂိုးသွင်းယူထားသည်။
ဝုလ်ဗာဟမ်တန်အသင်းမှာ အိမ်ကွင်းတွင် ဘီဆစ်တပ် အား ပေါ်တူဂီတိုက်စစ်မှူးဂျိုတာ၏ ဟက်ထရစ်အပါအဝင် လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ဝုလ်သည် ဒုတိယပိုင်းရောက် မှသာ ဂိုးများသွင်းယူခဲ့ခြင်းဖြစ်ပြီး နိုင်ပွဲကြောင့် အုပ်စု ဒုတိယဖြင့် ရှုံးထွက်အဆင့်တက်ရောက်နိုင်ခဲ့သည်။
ခြေစွမ်း ပြခဲ့သော တိုက်စစ်မှူးဂျိုတာသည် ၅၆ မိနစ်တွင် လူစား ဝင်ခဲ့ပြီးနောက် ၇၂ စက္ကန့်အကြာ၌ပင် ဦးဆောင်ဂိုးသွင်းယူ ခဲ့သည်။ ဂျိုတာသည် လူစားဝင်ပြီးနောက် ၁၁ မိနစ်အတွင်း ဟက်ထရစ်ရခဲ့ရာ ၂၀၁၄ ခုနှစ် စက်တင်ဘာနောက်ပိုင်း အမြန်ဆုံး ဟက်ထရစ်ဖြစ်ခဲ့သည်။ ဂျိုတာသည် ၂၀၁၀ နိုဝင်ဘာနောက်ပိုင်း ဂျာရတ်ပြီးနောက် ယူရိုပါလိဂ်တွင် လူစားဝင်ကာ ဟက်ထရစ်ရသည့် ပထမဆုံးကစားသမား ဖြစ်ခဲ့သည်။
အာဆင်နယ်အသင်းမှာ စတန်းဒက်လီဂီကွင်းတွင် နောက်မှလိုက်ကစားပြီး နှစ်ဂိုးစီသရေကျခဲ့၍ အုပ်စုဗိုလ်ဖြင့် ရှုံးထွက်တက်ရောက်ခဲ့သည်။ ရှုံးထွက်မဲခွဲပွဲကို ဒီဇင်ဘာ ၁၆ ရက်၌ ကျင်းပမည်ဖြစ်သည်။















