ဟောင်ကောင်၌ လွန်ခဲ့သော ခြောက်လအတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို ဖြိုခွင်းရင်း အချိန်ပိုဆင်းခဲ့ရသည့်အတွက် ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များအား အချိန်ပိုကြေးအဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၁၀ဝ၀ ကိုပေးအပ်ခဲ့ရပြီး စုစုပေါင်းအချိန်ပိုကြေးသည် ဒေါ်လာ သန်း ၁၂၀ ကျော်ရှိခဲ့ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များသည် ဇွန်မှစ၍ ဆန္ဒပြမှု ၉၀ဝ ကျော်နှင့် ရင်ဆိုင်ခဲ့ရပြိး မလွဲမရှောင်သာသည့်အခြေအနေမျိုးတွင်သာ အချိန်ပိုဆင်းခဲ့ရကြောင်း အစိုးရလုံခြုံရေးဌာနက ဒီမိုကရေစီလိုလားသော လွှတ်တော်အမတ်များ၏မေးခွန်းကိုဖြေဆိုရင်း ပြောဆိုခဲ့သည်။ ဆန္ဒပြမှုများဖြစ်ပွားချိန်မှစ၍ ရဲတပ်ဖွဲ့ဝင်များအား အချိန်ပိုကြေးအဖြစ် ဟောင်ကောင်ဒေါ်လာ သန်း ၉၅၀( ဒေါ်လာ ၁၂၁ သန်း) ပေးအပ်ခဲ့ရသည်။ ရဲတပ်ဖွဲ့ဝင် ၁၁၀ဝ၀ ဦးသည် အချိန်ပိုဆင်းခဲ့ရပြီး ၎င်းတို့သည် တစ်ဦးလျှင် ပျမ်းမျှ ဟောင်ကောင်ဒေါ်လာ ၈၆၃၆၃ ရရှိခဲ့ကြောင်း လုံခြုံရေးဌာနကထုတ်ပြန်ခဲ့သည်။
ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ဝင်များသည် မျက်ရည်ယိုဗုံးများ၊ နံပါတ်တုတ်များကိုသုံးပြီး လူစုခွဲခဲ့ရသလို ဆန္ဒပြသူများကလည်း ဓာတ်ဆီဗုံးများ၊ မြားများကို အသုံးပြုခဲ့ကြသည်။ ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့သည် အင်အားအလွန်အကျွံသုံးခဲ့ကြောင်း စွပ်စွဲမှုများရှိခဲ့ပြီး ယင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး အမှီအခိုကင်းသော အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။
အင်အားကို ထိန်းထိန်းသိမ်းသိမ်းသာ သုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖြေရှင်းပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် အချိန်ပိုဆင်းရသည့်အတွက် အချိန်ပိုကြေးရသင့်ကြောင်း တရုတ်လိုလားသည့် လွှတ်တော်အမတ်တစ်ဦးကပြောဆိုခဲ့သည်။ ဟောင်ကောင်သည် ရဲတပ်ဖွဲ့က အင်အားသုံးအုပ်ချုပ်သည့် ဒေသဖြစ်နေပြီဖြစ်ပြီး အများပြည်သူသည် ၎င်းတို့ကိုဖိနှိပ်သူများအား အချိန်ပိုကြေးပေးနေရပြီဖြစ်ကြောင်း ဒီမိုကရေစီလိုလားသော အမတ် သြနော့ခ်ဟင်းကပြောဆိုခဲ့သည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်သည်လည်း ဟောင်ကောင်ရှိ အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးရန် ဒီဇင်ဘာ ၁၄ ရက်တွင် ပေကျင်းသို့ထွက်ခွာသွားပြီဖြစ်သည်။

















