အင်ဒိုနီးရှားသမ္မတ၏ သားနှင့် သမက် ရွေးကောက်ပွဲဝင်ရန် စီစဉ်မှု ဝေဖန်ပြောဆိုမှုများရှိနေ

အင်ဒိုနီးရှားသမ္မတ၏ သားနှင့် သမက် ရွေးကောက်ပွဲဝင်ရန် စီစဉ်မှု ဝေဖန်ပြောဆိုမှုများရှိနေ

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို၏သားနှင့် သမက်တို့သည် လာမည့်နှစ်တွင် ကျင်းပမည့် ဒေသဆိုင်ရာရွေးကောက်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဝိီဒိုဒိုသည် နိုင်ငံရေးအမွေဆက်ခံနိုင်ရေးကြိုးပမ်းနေကြောင်း ပြောဆိုမှုများရှိနေသည်။

၂၀၁၄ ခုနှစ်တွင် ပထမသက်တမ်းစတင်ထမ်းဆောင်ခဲ့သည့် ဝီဒိုဒိုသည် အာဏာရှင် ဆူဟာတိုပြုတ်ကျခဲ့သည့် ၁၉၉၈ ခုနှစ်မှစ၍ နိုင်ငံရေးနှင့် စစ်ရေးအထက်တန်းလွှာများမှမဟုတ်သည့် ပထမဆုံး ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ဝီဒိုဒိုသည် ယခင်က ပရိဘောဂပစ္စည်းရောင်းသူနှင့် မြို့တော်ဝန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဝီဒိုဒို၏သားဖြစ်သူ ဂီဘရန် ရာကာဘူမင်း ရာကာသည် ဂျာဗားကျွန်းရှိ ဆိုလိုမြို့တော်ဝန် ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး သမက်ဖြစ်သူ ဘော့ဘီ နာဆူရှင်သည် ဆုမတြားကျွန်းရှိ မဲဒန်မြို့တော်ဝန်ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။ သားနှင့်သမက်တို့ရွေးကောက်ပွဲဝင်မည့်ကိစ္စနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းခဲ့ရာ ဝီဒိုဒိုက ပြိုင်ပွဲသာဖြစ်ပြီး ပြည်သူများကသာ ရွေးချယ်ရမည်ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။

သားဖြစ်သူကို ဝီဒိုဒို၏ အင်ဒိုနီးရှားဒီမိုကရက်လှုပ်ရှားမှုတစ်ပါတီ( ပီဒီအို်ုင်-ပီ) က ထောက်ခံထားသော်လည်း သမ္မတကမူ ရွေးကောက်ပွဲဝင်ရန် သားဖြစ်သူ ရာကာကသာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံရေးတွင် မိသားစုအဆက်အသွယ်က အရေးပါလှသည်။ အင်ဒိုနီးရှားနိုင်ငံကိုတည်ထောင်သူဖြစ်သလို ပထမဆုံးသမ္မတလည်းဖြစ်သည့် ဆူကာနို၏မိသားစုဝင်များသည် နိုင်ငံရေးတွင် အဓိကအင်အားစုဖြစ်နေဆဲဖြစ်သည်။ ဆူကာနို၏သမီး မဲဂါဝတီ ဆူကာနိုပူထရီသည် အင်ဒိုနီးရှား၏ပဉ္စမမြောက်သမ္မတဖြစ်ပြီး လက်ရှိတွင်လည်း ပီဒီအိုင်-ပီ၏ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည်။ ဆူကာနိုပူထရီ၏ သမီး ပူယံ မဟာရာနီသည် လွှတ်တော်ဥက္ကဋ္ဌဖြစ်သည်။

နိုင်ငံရေးတွင်လည်း အတွေ့အကြံမရှိ၊ ပါတီနိ်ုင်ငံရေးကိုလည်း နားမလည်သည့် သားနှင့်သမက်တို့ ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းခြင်းသည် အာဏာဆက်လက်ထိန်းသိမ်းရန် လုပ်ဆောင်ချက်သာဖြစ်ကြောင်း ရွေးကောက်ပွဲနှင့် ဒီမိုကရေစီအဖွဲ့၏အမှုဆောင်ဒါရိုက်တာ တီတီ အန်ဂရိုင်နီကပြောဆိုခဲ့သည်။