ဆီလတ်သိုင်းပညာ ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်

ဆီလတ်သိုင်းပညာ ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်

ဆီလတ်သိုင်းပညာကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့( ယူနက်စကို) က ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ ဒီဇင်ဘာ ၁၃ ရက်တွင် ထည့်သွင်းလိုက်ပြီဖြစ်သည်။

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာ၌ ဒီဇင်ဘာ ၉ မှ ၁၄ ရက်အထိ ကျင်းပသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးအတွက် နိုင်ငံတကာအစိုးရများကော်မတီ၏ ၁၄ ကြိမ်မြောက် အစည်းအဝေးတွင် ယူနက်စကိုက အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။ မလေးရှားရှိ ဆီလတ်နှင့် အင်ဒိုနီးရှားရှိ ပန်ချတ်ဆီလတ်သိုင်းပညာများကို ယဉ်ကျေးမှုအမွေအနှစ်စာရင်းသွင်းလိုက်ခြင်းဖြစ်သည်။

မလေးရှားရှိ ဆီလတ်သိုင်းပညာသည် မလေးရှားကျွန်းဆွယ်တွင် မြစ်ဖျားခံသည့် အသက်ရှင်သန်ရေးအတွက် တိုက်ခိုက်ရသော ကိုယ်ခံပညာရပ်ဖြစ်ကြောင်း ယူနက်စကို၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ လန်ကာဆူကာဘုရင့်နိုင်ငံ၏အစောပိုင်းနှစ်များတွင် မြစ်ဖျားခံသည့် ဆီလတ်သည် မလေးရှားရိုးရာဝတ်စုံ၊ ဂီတနှင့် ဓလေ့တို့ပေါင်းစပ်ပါဝင်သည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းလေ့ကျင့်ရသော ပညာရပ်တစ်မျိုးဖြစ်ကြောင်း ယူနက်စကိုကဖော်ပြခဲ့သည်။

ဆီလတ်သိုင်းပညာသည် နိုင်ငံ၏အဓွန့်ရှည်ကြာတည်တံသော အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ကြောင်း မလေးရှားခရီးသွားလာရေး၊အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီး မိုဟာမက်ဒင် ကဲတာပီက ဒီဇင်ဘာ ၁၃ ရက်တွင်ပြောဆိုခဲ့သည်။

မလေးရှားရိုးရာအကဖြစ်သော မာ့ခ်ယွန်ကို ယူနက်စကို၏ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ၂၀ဝ၈ ခုနှစ်တွင် ထည့်သွင်းခဲ့ပြီးဖြစ်သောကြောင့် ဆီလတ်သိုင်းပညာကို အမွေအနှစ်စာရင်းထည့်သွင်းခြင်းသည် အကြီးအကျယ်အသိအမှတ်ပြုမှုဖြစ်ကြောင်း မိုဟာမက်ဒင်ကပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားရိုးရာ ပန်ချတ်ဆီလတ်သိုင်းပညာကိုလည်း ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းထည့်သွင်းခဲ့သည်။ အင်ဒိုနီးရှားရှိ ပန်ချတ်ဆီလတ်သိုင်းပညာသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်းနှစ်ခုစလုံးကို လေ့ကျင့်ရပြီး ကိုယ်ခံပညာနှင့် ရသတို့ကိုရောစပ်ထားသော သိုင်းပညာဖြစ်ကြောင်း ယူနက်စကို၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

ပန်ချတ်ဆီလတ်သိုင်းသမားများသည် ဘုရားသခင်၊ လူသားနှင့် သဘာဝတရားတို့ကြား ဆက်ဆံရေးကို ထိန်းသိမ်းရသူများဖြစ်ကြောင်း ဝက်ဘ်ဆိုက်ဖော်ပြချက်အရသိရသည်။