ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ အစိုးရများအနေဖြင့် အရေးတယူဆောင်ရွက်ပေးရန် ကမ္ဘာတစ်ဝန်း လေယာဉ်မှလွဲ၍ မော်တော်ယာဉ်၊ ရထား၊ စက်လှေတို့ဖြင့်သွားလာကာ လှုပ်ရှားဆောင်ရွက်နေသည့် ဆွီဒင်ဆယ်ကျော်သက် ဂရေတာ သွန်းဘတ်သည် ရှေ့ဆက်လှုပ်ရှားနိ်ုင်ရေးအတွက် ယခုလောလောဆယ်တွင် ခေတ္တအနားယူရန် လိုအပ်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင်ပြောဆိုခဲ့သည်။
တိုင်းမ်မဂ္ဂဇင်းက ယခုနှစ်အတွက် မှတ်သားစရာအကောင်းဆုံး ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားသည့် သွန်းဘတ်သည် အီတလီနိုင်ငံမြောက်ပိုင်း တုရင်မြို့၌ ဒီဇင်ဘာ ၁၃ ရက်တွင် ကျောင်းသားထောင်ပေါင်းများစွာနှင့်အတူ ဆန္ဒပြခဲ့သည်။ လေယာဉ်စီးနင်းခြင်းမရှိသည့် သွန်းဘတ်သည် စပိန်နိုင်ငံမြို့တော် မက်ဒရစ်၌ပြုလုပ်သော ကုလရာသီဥတုညီလာခံကိုတက်ရောက်ပြီးနောက် တုရင်မြို့သို့ မော်တော်ယာဉ်၊ ရထားတို့ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ သွန်းဘတ်သည် အမေရိကန်ပြည်ထောင်စု၌ လပေါင်းများစွာ လှုပ်ရှားခဲ့ပြီးနောက် ဥရောပသို့ ရွက်လှေကြီးတစ်စင်းဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ခရစ္စမတ်အတွက် အိမ်ပြန်မည်ဖြစ်ပြီး အနားယူရန်လိုအပ်သောကြောင့် ခေတ္တခန့်အားလပ်ရက်ယူဦးမည်ဖြစ်ကြောင်း သွန်းဘတ်က တုရင်၌ သတင်းထောက်များအားပြောဆိုခဲ့သည်။ တုရင်မြို့သည် ဖိယက်မော်တော်ယာဉ်လုပ်ငန်းစတင်ရာနေရာဖြစ်ပြီး အီတလီရှိ စက်မှုအထွန်းကားဆုံးနှင့် လေထုအညစ်ညမ်းဆုံးဒေသများတွင် ပါဝင်သည်။
၂၀၁၉ ခုနှစ်သည် ကုန်ဆုံးတော့မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကို လှုပ်ရှားမှုအပြည့်ရှိသည့် နှစ်ဖြစ်စေရမည်ဖြစ်ကြောင်း သွန်းဘတ်က တုရင်ရှိ စုဝေးလာသည့် လူငယ်များကိုပြောဆိုခဲ့သည်။ အသက် ၁၅ နှစ်အရွယ်တွင် သွန်းဘတ်သည် ရာသီဥတုအရေးနှင့်ပတ်သက်၍ ဆွီဒင်လွှတ်တော်ရှေ့၌ သောကြာနေ့တိုင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ သွန်းဘတ်၏လှုပ်ရှားမှုကို အခြားလူငယ်များအားကျပြီး အနာဂတ်အတွက် သောကြာနေ့ဟု အမည်ရသည့် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်လာခဲ့သည်။

















