ဗြိတိန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဂျွန်ဆင်နှင့် ကွန်ဆာဗေးတစ်များအနိုင်ရ

ဗြိတိန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဂျွန်ဆင်နှင့် ကွန်ဆာဗေးတစ်များအနိုင်ရ

ဗြိတိန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ဦးဆောင်သောကွန်ဆာဗေးတစ်များကလွှတ်တော်အတွင်းလူများစုနေရာရရှိသည်အထိအပြတ်အသတ် အနိုင်ရရှိခဲ့သဖြင့် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရေးကို အပြီးသတ်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်းဝန်ကြီးချုပ် ဂျွန်ဆင်ကဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ပြောကြားသည်။

ဇန်နဝါရီ ၃၁ ရက်တွင် ဗြိတိန်သည် ဥရောပသမဂ္ဂမှ နုတ်ထွက်မည်ဖြစ်သည်။ ကွန်ဆာဗေးတစ်များသည် နှစ်ပေါင်းသုံးဆယ်အတွင်းရလဒ်အကောင်းဆုံးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ လွှတ်တော်အတွင်းလူများစုဖြင့် အနိုင်ရရှိထားသည့်တိုင် ဘရက်ဇစ်ကိုဆန့်ကျင်သူများ၏ သဘောထားများကိုလည်းထည့်သွင်းစဉ်းစားကာ အားလုံးကိုကိုယ်စားပြုသည့် အစိုးရတစ်ရပ်ကိုဦးဆောင်သွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ် ဂျွန်ဆင်ကကတိပြု ပြောကြားသည်။

အမတ်နေရာ ၆၅၀ ရှိသောအောက်လွှတ်တော်တွင် လူများစုနေရာရရှိရန် လိုအပ်သော ၃၂၆ နေရာကိုကျော်လွန်ကာ ကွန်ဆာဆေးတစ်များက ၃၆၅ နေရာထိရရှိခဲ့ပြီး ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်းရလဒ်အကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

ဂျရယ်မီကိုဘင် ဦးဆောင်သောလေဘာပါတီသည် ၁၉၃၅ ခုနှစ်နောက်ပိုင်းရလဒ်အဆိုးဆုံး ကြုံတွေ့ခဲ့ရပြီး ၂၀၃ နေရာသာရရှိခဲ့မှုကြောင့် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်းကိုဘင်က ကြေညာခဲ့သည်။ ဘရက်ဇစ်ကိုဆန့်ကျင်သောလစ်ဘရယ် ဒီမိုကရက်ပါတီသည်လည်းမှန်းထားသကဲ့သို့ ဖြစ်မလာဘဲ ၁၁ နေရာသာအနိုင်ရရှိခဲ့သည်။

ဘရက်ဇစ်အရေးအပြီးသတ်ဆောင်ရွက်မည်ဖြစ်သလို၊ ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံကဏ္ဍများတွင်လည်းအားစိုက်သွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ် ဂျွန်ဆင်ကကတိပြုထားသည်။