ဆန္ဒပြသူများ၏ လူ့အခွင့်အရေးရပိုင်ခွင့်များကိုချီလီရဲတပ်ဖွဲ့ ချိုးဖောက်ခဲ့သည်ဟုကုလသမဂ္ဂ ဆို

ဆန္ဒပြသူများ၏ လူ့အခွင့်အရေးရပိုင်ခွင့်များကိုချီလီရဲတပ်ဖွဲ့ ချိုးဖောက်ခဲ့သည်ဟုကုလသမဂ္ဂ ဆို

ပြီးခဲ့သည့် နှစ်လအတွင်းချီလီနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ ချီလီလုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြပြည်သူများ၏ လူ့အခွင့်အရေးရပိုင်ခွင့်များကို ချိုးဖောက်ကာသတ်ဖြတ်ခြင်း၊ ညှင်းပန်းခြင်း၊ လိင်ပိုင်းအနိုင်ကျင့်ခြင်း၊ အင်အားအလွန်အကျွံ သုံးခြင်းများ ကျူးလွန်ခဲ့ကြကြောင်းဒီဇင်ဘာ ၁၃ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကိုချီလီသမ္မတဟောင်းမီရှဲဘတ်ချလတ်ကဦးဆောင်ခြင်းဖြစ်ပြီးဘတ်ချလတ်သည် လက်ရှိချီလီသမ္မတဆီဘတ်ရှန် ပီညဲရာ၏ ပြိုင်ဘက် အတိုက်အခံတစ်ဦးလည်းဖြစ်သည်။ ဆန္ဒပြပြည်သူများကိုထိခိုက်နာကျင်စေခြင်းမရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်အောင် အစိုးရကခွင့်ပြုစီမံပေးရန် အစီရင်ခံစာကတိုက်တွန်းဆော်သြထားပြီးချီလီအစိုးရကမူအစီရင်ခံစာကိုဆန့်ကျင်ထားသည်။

ရထားခများဈေးတက်လိုက်သည့် အောက်တိုဘာ ၁၈ ရက်တွင် ကျောင်းသားများကဆန့်ကျင်ဆန္ဒပြရာမှတစ်ဆင့် နိုင်ငံတစ်ဝန်းအစိုးရဆန့်ကျင်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချရေးတောင်းဆိုဆန္ဒပြပွဲများအဆင့် ရောက်ရှိခဲ့သည်။ ကျန်းမာရေး၊ ပညာရေး၊ ပင်စင်စနစ်များတွင် အခြေခံလူတန်းစားအတွက် ခံစားပိုင်ခွင့် ပိုမိုပေးအပ်ရေး၊ ၁၉၈၀ ကာလကတည်းကရေးဆွဲခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရေးအတွက်လည်း ဆန္ဒပြပြည်သူများကတောင်းဆိုထားကြသည်။

လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြပွဲများကိုရှင်းလင်းစဉ် ပြောင်းတိုသေနတ်များဖြင့် အနီးကပ်ပစ်ခတ်မှုကြောင့် မျက်နှာနှင့် မျက်လုံးထိခိုက်ပျက်စီးရသည့် ဆန္ဒပြပြည်သူ ၃၅၀ ကျော်ထိရှိခဲ့ကြောင်းအစီရင်ခံစာကဖော်ပြသည်။ ချီလီလုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြပွဲထိန်းသိမ်းရာတွင် အသက်မသေစေသော်လည်း ပြင်းထန်သည့် လက်နက်များကိုအလွန်အကျွံ အသုံးပြုခဲ့သည့် သက်သေဖြစ်ကြောင်းလူ့အခွင့်အရေးအဖွဲ့များကပြောသည်။

ဒဏ်ရာရသူအများအပြားသည် ကျည်စေ့ ထိမှန်မှုကြောင့်ဖြစ်ပြီး၊ လူအုပ်ဖြို ဓာတုရည်များထိတွေ့မှု၊ မျက်ရည်ယိုဗုံးငွေ့ ရှူရှိုက်မိမှုနှင့် မျက်ရည်ယိုဗုံးကျည်ခွံတိုက်ရိုက်ထိမှန်မှုတို့ကြောင့် ဖြစ်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။