၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်သောအစိမ်းရောင်စွမ်းအင်စနစ် အသုံးပြုနိုင်ရေးကူးပြောင်းမှုလုပ်ငန်းစဉ်တွင် နျူကလီးယားစွမ်းအင် အသုံးပြုရေးကိုလည်းဥရောပသမဂ္ဂ ခေါင်းဆောင်များကဒီဇင်ဘာ ၁၃ ရက်တွင် ထည့်သွင်းသတ်မှတ်လိုက်ကြောင်းသိရသည်။
ဖန်လုံအိမ်အာနိသင်ဖြစ်စေသည့် ကျောက်မီးသွေးစွမ်းအင် သုံးစွဲခြင်းမှ သန့်ရှင်းအစိမ်းရောင်စွမ်းအင်သို့ ကူးပြောင်းရာတွင် နျူကလီးယားစွမ်းအင်ကိုအချိန်အတိုင်းအတာတစ်ခုအထိအစားထိုးသုံးစွဲသွားရန် သဘောတူခဲ့မှုကြောင့် နျူကလီးယားစွမ်းအင်ကိုထောက်ခံသောချက်ပြည်သူ့သမ္မတနိုင်ငံနှင့် ဟန်ဂေရီတို့ကလည်းသဘောတူခဲ့ကြခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံသည်လည်းလက်ရှိတွင် လျှပ်စစ်ဓာတ်အား ၆၀ ရာခိုင်နှုန်းကို နျူကလီးယားဓာတ်အားမှ ရရှိနေခြင်းဖြစ်သည်။ နျူကလီးယားစွမ်းအင်သည် သန့်ရှင်းသောစွမ်းအင်တစ်မျိုးဖြစ်ကြောင်း ချက် ဝန်ကြီးချုပ် အန်ဒရေဘာဘစ်ကပြောသည်။
နျူကလီးယားစွမ်းအင်ကိုအကူးအပြောင်းကာလ ကြားခံအဖြစ် အသုံးမပြုပါကဥရောပသမဂ္ဂသည် ရာသီဥတုရည်မှန်းချက်ပြည့်မီမည်မဟုတ်ကြောင်းဆလိုဗားကီးယားဝန်ကြီးချုပ် ပီတာပယ်လာဂရီနီကလည်းပြောသည်။ ကျောက်မီးသွေးဓာတ်အားပေးလုပ်ငန်းများအပေါ် အဓိကမှီခိုနေရဆဲဖြစ်သောပိုလန်သည်သာယခုသဘောတူညီချက်ကိုထောက်ခံရန် တုံ့ဆိုင်းနေဆဲဖြစ်သည်။ ဥရောပအစိမ်းရောင် သဘောတူချက် အစီအစဉ်ကိုဥရောပကော်မရှင် ဥက္ကဋ္ဌသစ် ဝါဆူလာဖွန် ဒါ လီယန်ကရေးဆွဲတင်ပြခဲ့ခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂအနေဖြင့် သန့်ရှင်းစွမ်းအင် ကူးပြောင်းရေးရည်မှန်းချက်ပြည့်မီစေရန် အာရုံစိုက်မည်ဖြစ်သလို၊ အဖွဲ့ဝင် တစ်နိုင်ငံချင်း၏ လက်တွေ့လိုအပ်ချက်နှင့် ကိုက်ညီစေမည့် စွမ်းအင်ရင်းမြစ်များအသုံးပြုခွင့်ကိုလည်းလေးစားခွင့်ပြုသွားမည်ဖြစ်ကြောင်းဥရောပကောင်စီကလည်းထုတ်ပြန်ထားသည်။ အစိမ်းရောင်စွမ်းအင် အကူးအပြောင်းကာလတွင် ကျောက်မီးသွေးမှ နျူကလီးယားစွမ်းအင်သို့ ကူးပြောင်းအသုံးပြုမည့် အဖွဲ့ဝင်နိုင်ငံများကိုလည်းရန်ပုံငွေများထုတ်ပေးရန် ယူရိုဘီလျံချီပြီးလျာထားကြောင်းသိရသည်။

















