အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုစွပ်စွဲပြစ်တင်သင့် မသင့် မဲခွဲရန် အောက်လွှတ်တော် ကော်မတီကဒီဇင်ဘာ ၁၃ ရက်တွင် ဆုံးဖြတ်လိုက်ပြီး၊ သမ္မတထရမ့်ကမူစွပ်စွဲပြစ်တင်ရေးမဲခွဲမှုသည် အမေရိကန်ပြည်သူများကို စိတ်အနှောင့်အယှက် ဖြစ်စေရုံမှလွဲပြီး အခြားအကျိုးကျေးဇူးမရှိနိုင်ကြောင်း ဝေဖန်ပြောကြားလိုက်သည်။
လာမည့် သီတင်းပတ်အတွင်း ဒီမိုကရက်များ ကြီးစိုးထားသောအောက်လွှတ်တော်တွင် စွပ်စွဲပြစ်တင်ရေးမဲခွဲကြဖွယ်ရှိသည်။ ဒီမိုကရက်များသည် စွပ်စွဲပြစ်တင်ရေးရှေ့တိုးဆောင်ရွက်နေသည်မှာ မိမိကိုယ်ကိုယ် အရူးလုပ်နေကြခြင်းသာဖြစ်ကြောင်းသမ္မတထရမ့်က ဝေဖန်ပြောကြားလိုက်သည်။
သမ္မတထရမ့်သည် အမေရိကန်သမိုင်းတစ်လျှောက် စွပ်စွဲပြစ်တင် ဖြုတ်ချခံရနိုင်သည့် တတိယမြောက် သမ္မတလည်း ဖြစ်လာနိုင်ခြေရှိနေသည်။ အထက်လွှတ်တော်ကိုသမ္မတထရမ့်၏ ရီပတ်ဘလီကန်ပါတီဝင်များက ကြီးစိုးထားသဖြင့် အောက်လွှတ်တော်ကစွပ်စွဲပြစ်တင်သင့်သည်ဟုဆုံးဖြတ်လျှင်ပင် အထက်လွှတ်တော်တွင် ထရမ့်သာအနိုင်ရနိုင်ခြေရှိနေသည်။
“နိုင်ငံရေးအကျိုးအမြတ်လေးနည်းနည်းပါးပါးရရုံကလွဲရင် တခြားအကျိုးအမြတ်ရစရာမရှိတဲ့ စွပ်စွဲပြစ်တင်ရေးအလုပ်ကိုဒီမိုကရက်တွေ လုပ်နေတာအံ့သြမိတယ်။ နိုင်ငံအတွက်လည်းစိတ်အနှောင့်အယှက်ဖြစ်ရုံပဲရှိမယ်။ နိုင်ငံရေးအရကြည့်ရင် ကျုပ်အတွက် အမြတ်တောင် ပိုထွက်သေးတယ်” ဟု သမ္မတထရမ့်က ပြောသည်။
၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဖြစ်လာနိုင်ခြေရှိသူဟု ရေပန်းစားနေသည့် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်နှင့် သားဟန်တာဘိုင်ဒန်တို့ကိုစုံစမ်းစစ်ဆေးပေးရန် ယူကရိန်းသမ္မတဗိုလိုဒီမာဇီလန်းစကီးကိုဖိအားပေးရန်အတွက် သမ္မတထရမ့်သည် လွှတ်တော်ကယူကရိန်းအတွက် ချထားပေးသောစစ်ရေးအကူအညီဒေါ်လာသန်း ၄၀ဝ ကျော်ကိုဆိုင်းငံ့ထားခဲ့ကြောင်း ဒီမိုကရက်များကစွပ်စွဲပြီးနောက် ရွေးကောက်ပွဲတွင် ပြည်ပနိုင်ငံအကူအညီရယူရန် ကြိုးပမ်းမှုဖြင့် သမ္မတထရမ့်ကိုစွပ်စွဲပြစ်တင် ဖြုတ်ချရန်စီစဉ်နေခြင်း ဖြစ်သည်။

















