စပိန်လာလီဂါကလပ်အသင်းတစ်သင်းဖြစ်သော အလာဗက်စ်အသင်းသည် ဗီယက်နမ်လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား ငုယင်တူအန်အန်ကို ခေါ်ယူရန် စိတ်ဝင်စားမှုများရှိနေကြောင်း ဗီယက်နမ်မီဒီယာများက ဖော်ပြခဲ့သည်။
အာလာဗက်စ်အသင်းသည် ကွင်းလယ်လူ တိုမက်စ်ပီနာ ဒဏ်ရာရရှိခဲ့၍ ၎င်းနေရာတွင် အစားထိုးရန်အတွက် အဆိုပါ ဗီယက်နမ်ကွင်းလယ်လူကို စိတ်ဝင်စားနေခြင်းဖြစ်သည်။
ကွင်းလယ်လူ ငုယင်တူအန်အန်သည် ၂၀၂၂ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဗီယက်နမ်အသင်းကွင်းလယ်၌ ခြေစွမ်းပြနေသူဖြစ်ပြီး လာမည့်၂၀၂ဝပြည့်နှစ် ဇန်နဝါရီတွင် အသင်းသို့လာရောက်၍ ခြေစွမ်းစမ်းသပ်ခံယူရန် အာလာဗက်စ်အသင်းက ဖိတ်ကြားထားသည်။
အသက် ၂၄နှစ်အရွယ် ငုယင်တူအန်အန်သည် ဗီယက်နမ်ကလပ် ဟောင်အန်ဂယ်လိုင်နှင့် အာဆင်နယ်အသင်း အကျိုးတူပူးပေါင်းဖွင့်လှစ်သည့် အကယ်ဒမီမှထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ခုနှစ်က ဟောင်အန်ဂယ်လိုင်အသင်းမှ အငှားစာချုပ်ဖြင့် ဂျပန်ကလပ် ယိုကိုဟားမားအသင်းသို့ သွားရောက်ကစားခဲ့သည်။
ဟောင်အန်ဂယ်လိုင် အသင်းသည် အာလာဗက်စ်အသင်း၏ စိတ်ဝင်စားမှုကိုခံနေရသည့် ငုယင်တူအန်အန်ကို လက်လွှတ်လိုခြင်းမရှိဘဲ အသင်း၌ဆက်ထိန်းနိုင်ရန် မျှော်လင့်ထားသည်။
အလာဗက်စ်အသင်းသည် စပိန်လာလီဂါတွင် ရလဒ်များဆိုးရွားလျက်ရှိပြီး ပွဲစဉ်၁ရပွဲယှဉ်ပြိုင်ပြီးရာတွင် ငါးပွဲနိုင်၊လေးပွဲသရေ၊ရှစ်ပွဲရှုံးဖြင့် အမှတ်ပေးဇယားအဆင့် ၁၅၌ ရပ်တည်နေပြီး ရာသီကုန်တွင် တန်းမဆင်းရန် ရုန်းကန်ရဖွယ်ရှိနေသည်။















