အင်ဒိုနီးရှားနိုင်ငံ၌ ဝက်ဝမ်းကျရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ဝက်အကောင် ၂၇၀ဝ၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ်ထောင်ပေါင်းများစွာလည်း သေဆုံးနိုင်ခြေရှိနေကြောင်း တိရစ္ဆာန်ဆေးကုသရေးဌာနအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၄ ရက်တွင်ပြောဆိုခဲ့သည်။
လွန်ခဲ့သော သုံးလအတွင်း မြောက်ဆုမတြားတစ်ဝန်း၌ ဝက်ထောင်ပေါင်းများစွာသေဆုံးနေပြီး သေဆုံးမှုနှုန်းမြန်ဆန်လှကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။ နေ့စဉ် ဝက် ၁၀ဝ၀ မှ ၂၀ဝ၀ အထိသေဆုံးနေပြီး ယင်းသည် အတော်လေးကို များသည့် ပမာဏဖြစ်ကြောင်း မဲဒန်ရှိ တိရစ္ဆာန်ဆေးကုသရေးဌာနမှအရာရှိ သြဂတ်စတီးယားက ပြောဆိုခဲ့သည်။
မွတ်စလင်အများစုနေထိုင်သော အင်ဒိုနီးရှားရှိ ဒေသတစ်ခုဖြစ်သော မြောက်ဆုမတြားတွင် ခရစ်ယာန်များစွာနေထိုင်ပြီး ဝက်သားသည် အရေးပါသော ဟင်းလျာတစ်မျိုးဖြစ်သည်။ မြောက်ဆုမတြား၌ ဝက်ကောင်ရေ ၁ ဒသမ ၂ သန်းခန့်ရှိနေကြောင်း သြဂတ်စတီးယားကပြောဆိုခဲ့သည်။
လွန်ခဲ့သောလတွင် မြစ်ချောင်းများထဲရှိ ဝက်အသေကောင်များကို ကောက်ယူပြီးနောက် ဝက်ဝမ်းကျရောဂါဖြင့်သေဆုံးသည့် ဝက်အသေကောင် ၁၀ဝ၀ ကျော်ကို မြှပ်နှံခဲ့သည်။ ဝက်အသေကောင်များကို စွန့်ပစ်ခဲ့သူများအားလည်း ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်သည်။
ဝက်များသည် ဝက်ဝမ်းကျရောဂါဖြင့်သေဆုံးခြင်းဖြစ်ကြောင်း ကနဦးတွင် စစ်ဆေးတွေ့ရှိခဲ့သော်လည်း အာဏာပိုင်များသည် အာဖရိက ဝက်အပြင်းဖျားရောဂါဖြင့်လည်း သေဆုံးခြင်းမရှိမရှိကို စစ်ဆေးလျက်ရှိနေသည်။ ယင်းရောဂါနှစ်မျိုးသည် လူသားများအတွက် အန္တရာယ်မရှိချေ။
၂၀၁၇ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာ တန်ဂါရာခရိုင်၌ ဝက်ဝမ်းကျရောဂါကြောင့် ဝက် ၁၀ဝ၀ဝ ကျော်သေဆုံးခဲ့ပြီး ဒေသခံမွေးမြူရေးသမားများ စီးပွားရေးအရ များစွာထိခိုက်ခဲ့သည်။

















