၂၀၂၀ ပြည့်နှစ်ထက်ကျော်လွန်ပြီး တာဝန်ထမ်းဆောင်နိုင်ခြေရှိနေကြောင်း အသက် ၉၄ နှစ်အရွယ် မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီဇင်ဘာ ၁၄ ရက်တွင် အရိပ်အမြွက်ပြောဆိုခဲ့သည်။
မဟာသီယာသည် ယမန်နှစ်တွင် အာဏာပြန်လည်ရရှိခဲ့သည်။ မဟာသီယာသည် တာဝန်မှအနားယူခဲ့သည့် ၂၀ဝ၃ ခုနှစ်အထိ မလေးရှားကို နှစ်ပေါင်း ၂၀ ကျော်အုပ်ချုပ်ခဲ့သည်။ မဟာသီယာပြီးနောက် နာဂျစ် ရာဇတ်က ဝန်ကြီးချုပ်အဖြစ် ဆက်လက်အုပ်ချုပ်ခဲ့သည်။ နာဂျစ်ရာဇတ်သည် အကျင့်ပျက်ခြစားမှုများဖြင့် တရားစွဲဆိုခံခဲ့ရပြီးနောက် ၎င်း၏ညွန့်ပေါင်းအဖွဲ့သည် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် လုံးဝကို ဖွံ့ဖြိုးပြီးသည့် နိုင်ငံဖြစ်နေရန် မျှော်မှန်းချက်ထားခဲ့ဖူးကြောင်း၊ ကံဆိုးစွာပင် ၎င်းရာထူးမှအနားယူပြီးနောက် ခေါင်းဆောင်ပိုင်းသည် ကွဲပြားသော လမ်းကြောင်းကိုလျှောက်လှမ်းပြီး ကွဲပြားသော မူဝါဒကို အကောင်အထည်ဖော်ခဲ့သောကြောင့် ၂၀၂၀ ပြည့်နှစ် လျာထားချက်ပြည့်မီနိုင်တော့မည်မဟုတ်ကြောင်း မဟာသီယာက ကာတာနိုင်ငံမြို့တော် ဒိုဟာ၌ ပြုလပ်သော ညီလာခံ၌ ပြောဆိုခဲ့သည်။
ယင်းကြောင့် အောင်မြင်ရမည့်နေ့ရက်ကို ၂၀၂၅ နှင့် ၂၀၃၀ ကြားပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်း မဟာသီယာကပြောဆိုခဲ့သည်။ ယခင်အစိုးရ ချန်ထားခဲ့သည့် အဓိကပြဿနာများအနက် အချို့ကို ဖြေရှင်းပြီးနောက်တွင် ရာထူးမှနုတ်ထွက်မည်ဟု ကတိပြုခဲ့ပြီးဖြစ်ကာ ညွန့်ပေါင်းအဖွဲ့က ၎င်း၏နေရာကို ဆက်ခံမည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ပြီးပါက နုတ်ထွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုခဲ့သည်။
မဟာသီယာ၏နေရာကို ဆက်ခံမည့်သူအဖြစ် သတ်မှတ်ခံထားရသည့် အန်ဝါ အီဘရာဟင်က ၂၀၂၀ ပြည့်နှစ် မေတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ခြေရှိနေကြောင်း ပြောဆိုခဲ့သော်လည်း မဟာသီယာကမူ အန်ဝါ၏ ပြောဆိုမှုများနှင့်ဆန့်ကျင်ဘက်များကိုသာ တစ်ချိန်လုံးပြောဆိုခဲ့သည်။
ကိုယ်ရေးအရာရှိဟောင်း အမျိုးသားတစ်ဦးကို လိင်ပိ်ုင်းအနိုင်ကျင့်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် အန်ဝါသည် ဒီဇင်ဘာ ၁၂ ရက်တွင် ရဲတပ်ဖွဲ့၏စစ်ကြောမေးမြန်းခြင်းကိုခံခဲ့ရပြီးဖြစ်သည်။

















