နောက်ထပ်အရေးပါသော စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

နောက်ထပ်အရေးပါသော စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

ဆိုဟဲဂြိုဟ်တုလွှတ်တင်ရေးစခန်း၌ နောက်ထပ်အရေးပါသည့် စမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ ကေစီအင်န်အေက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖင် ဘီဂန်သည် တောင်ကိုရီးယားသို့ သုံးရက်ကြာခရီးစဉ်မစတင်မီနှင့် အမေရိကန်ပြည်ထောင်စုက ဒီဇင်ဘာ ၁၂ ရက်တွင် ပစိဖိတ်သမုဒ္ဒရာထဲ၌ တာတိုပစ် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို စမ်းသတ်ပစ်ခတ်ခဲ့ပြီးနောက်တွင် မြောက်ကိုရီးယားက အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် မကြာသေးမီတွင် ပြုလုပ်ခဲ့သည့် စမ်းသပ်မှုမျာကို အသုံးပြုပြီး နည်းပညာသစ်များနှင့် မဟာဗျူဟာကျသော လက်နက်များကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း မြောက်ကိုရီးယားစစ်ဦးစီးချုပ် ပါ့ခ်ဂျွန် ချွန်ကပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားရန်လိုသော အင်အားစုများသည် မြောက်ကိုရီးယားကို ရန်လိုခြင်းမရှိမှသာ နှစ်အကုန်ပိုင်းကို ငြိမ်းချမ်းစွာဖြတ်သန်းရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်ဟု ကေစီအင်န်အေသတင်းဌာနကဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ဆိုဟဲဂြိုဟ်တုလွှတ်တင်စခန်း၌ အရေးပါသော စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာပြုလုပ်နို်ုင်ခဲ့ကြောင်းမြောက်ကိုရီးယားအမျိုးသားကာကွယ်ရေးသိပ္ပံအကယ်ဒမီ၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။ ဆိုဟဲသည် မြောက်ကိုရီးယားအနောက်မြောက်ကမ်းရိုးတန်းတွင်ရှိနေပြီး ဂြိုဟ်တုများကို ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်မှုပြုလုပ်သည့် အဆောက်အအုံဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်များအရ မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်ခွင့်ပိတ်ပင်ခံထားရသည်။ ဆိုဟဲစခန်း၌ မြောက်ကိုရီးယားသည် ဒုံးကျည်အင်ဂျင်စမ်းသပ်မှုများကို မကြာခဏပြုလုပ်ခဲ့သည်။