ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ လူအများဆုံးပါဝင်သည့် ဆန္ဒပြမှုတစ်ခု ဒီဇင်ဘာ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည်။
ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဦးဆောင်သော အစိုးရကို အတိုက်အခံပြုနေသည့် နိုင်ငံရေးပါတီတစ်ခုကို ဖျက်သိမ်းရန် အစိုးရက စီစဉ်နေခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ အနာဂတ်သို့သာချီ အမည်ရှိပါတီ၏ခေါင်းဆောင် အသက် ၄၁ နှစ်အရွယ် ဘီလျံနာ သာနာသွန်း ဂျွန်ဂရွန်ဂရူယံကစ်က ချီတက်မှုများပြုလုပ်ရန် တိုက်တွန်းပြီး တစ်ရက်အကြာတွင် လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် ဆန္ဒပြမှုများကို ရဲတပ်ဖွဲ့ဝင်များက တားဆီးနှိမ်နင်းခြင်းမရှိခဲ့ချေ။ ယခုဆန္ဒပြမှုသည် အစသာရှိသေးကြောင်း၊ အနာဂတ်တွင် ပြုလုပ်မည့် ချီတက်ပွဲများအတွက် အင်အားပြစမ်းသပ်ခြင်းသာဖြစ်ပြီး ပရာယွတ်အနေဖြင့် စိုးရိမ်စရာမရှိကြောင်း၊ တကယ်စိုးရိမ်စရာသည် လာမည့်လတွင်သာဖြစ်ပွားလိမ့်မည်ဖြစ်ကြောင်း သာနာသွန်းက လူအုပ်ကြီးကိုပြောဆိုခဲ့သည်။
မတ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲပြီးနောက်တွင် သာနာသွန်းသည် အသက် ၆၅ နှစ်အရွယ် ပရာယွတ်ဦးဆောင်သော အစိုးရကို ပြောင်ပြောင်တင်းတင်းဝေဖန်သည့် အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။ အနာဂတ်သို့သာချီ ပါတီသည် သာနာသွန်းထံမှ ဒေါ်လာသန်းပေါင်းများစွာကို လက်ခံခဲ့သောကြောင့် နိုင်ငံရေးပါတီများဆိုင်ရာဥပဒေကိုချိုးဖောက်ခဲ့သဖြင့် ယင်းပါတီကို ဖျက်သိမ်းပေးရန် ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တောင်းဆိုခဲ့သည်။
သာနာသွန်းသည် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နေသည့်နေ့တွင် မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာများကိုပိုင်ဆိုင်ထားခဲ့သောကြောင့် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်မရှိကြောင်း ဖွဲ့စည်းပုံခုံရုံးက လွန်ခဲ့သောလတွင် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
ဒီဇင်ဘာ ၁၄ ရက် ဆန္ဒပြမှုတွင် ပါဝင်သူများသည် ဒီမိုကရေစီအဓွန့်ရှည်ပါစေ၊ အာဏာရှင်စနစ်ပြုတ်ကျပါစေ ဟုကြွေးကြော်ခဲ့သည်။ သာနာသွန်းသည် ရွေးကောက်ပွဲမတိုင်မီတွင် အစိုးရက ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုမှုများပြုလုပ်ရန် အတိုက်အခံညွန့်ပေါင်းအဖွဲ့ထဲမှ ခြောက်ပါတီနှင့် သာနာသွန်းတို့ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
ယင်းပါတီများထဲတွင် အမတ်နေရာ ၅၀ဝ ရှိသည့် အောက်လွှတ်တော်၌ နေရာအများစုကိုရရှိခဲ့ပြီး အစိုးရကိုထင်ထင်ရှားရှားအတိုက်အခံမပြုဘဲနေသည့် ဖြူထိုင်းပါတီလည်းပါဝင်သည်။ ရှေ့သို့သာချီပါတီသည် ရွေးကောက်ပွဲတွင် တတိယမဲအများဆုံးရရှိခဲ့သည်။

















